ရှမ်းရွာသစ် ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀-၂၀၂၁ ပညာရေးဌာနခွင့်ပြုရန်ပုံငွေကျပ် (၁၃၄.၅၀၅၃၀၀) သန်းဖြင့် ဆောက်လုပ်မည့် ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်း ကျောင်း ဘော်ဒါဆောင်သစ်ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် သန္တိသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုစိတ္တနှင့် ပင့်သံဃာတော်များတို့က မြေနှုတ်၊ မြေသန့်၊ မင်္ဂလာပန္နက်တင်အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေးနှင့် တာဝန်ရှိသူများတို့က RC နှစ်ထပ် ဘော်ဒါဆောင်သစ် ဆောက်လုပ်ရန် အတွက် သတ်မှတ်နေရာအသီးသီးတွင် မင်္ဂလာပန္နက်များ ရိုက်တင်ပေးခြင်း၊ အောင်သပြေဖြင့် အမွှေးနံ့သာပက်ဖြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပညာရေးဌာန ခွင့်ပြုရန်ပုံငွေေကျပ် (၁၃၄.၅၀၅၃၀၀) သန်းဖြင့် အလျား (၇၄) ပေနှင့် အနံ (၃၄) ပေ (RC) အမျိုးအစား နှစ်ထပ်ဘော်ဒါဆောင် အဆောက်အဦကို Performer Myanmar ကုမ္ပဏီလီမိတက်မှ တာဝန်ယူတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)