လမ်းမတော် ဒီဇင်ဘာ ၁၆
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းစီမံကိန်းများ စံချိန်စံညွှန်းပြည့်မီရေးနှင့် သန့်ရှင်းသာယာ စေရေးတို့ကို အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောကြားပြီး အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက မြို့နယ်အတွင်း ရေရရှိမှု ပိုမိုအဆင်ပြေစေ ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့မှု အခြေအနေနှင့် မြို့နယ်အတွင်း လမ်းများခင်းခြင်းနှင့် လျှပ်စစ်ပိုင်းဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းက စာရင်းအင်းကိန်းဂဏန်းများ အရည်အသွေးပြည့်ဝရေးနှင့် အမှန် တကယ်လိုအပ်သော လုပ်ငန်းများ၊ ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းများအား စီမံကိန်းလျာထား စာရင်းတွင် ထည့်သွင်းရေးဆွဲရေးနှင့် မြို့နယ်သန့်ရှင်းသာယာလှပစေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်စန္ဒာလွင်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်း စီမံကိန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ၏ ဆောင်ရွက်နေမှုအခြေအနေနှင့် မြို့နယ်၏ ဦးစားပေးလုပ်ငန်းအစီအစဉ်များ အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)