မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဈေးများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များအညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေးနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန့်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က မြို့နယ်အတွင်းရှိဈေးများ သက်မှတ်ချိန် ထက်ကျော် လွန်၍ ဈေးရောင်းချခြင်းမရှိစေရန်၊ ဈေးများတွင် အဝတ်နှာခေါင်းစည်း Mask ရောင်းချ ခြင်းများ ဆောင်ရွက်ပေးရန်၊ ဈေးများရှိ ဈေးရောင်း/ဈေးဝယ် ပြည်သူများအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ ဈေးအိမ်သာများ သန့်ရှင်းသပ်ရပ်မှု၊ ဈေးဝယ်သူများ အချိန်ကြာမြင့်စွာ ဈေးဝယ်ယူမှု မရှိစေရေး စသည်တို့ကို ကြီးကြပ်နိုင်ရန် ပူးပေါင်းအဖွဲ့များက ကွင်းဆင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းက ဈေးများတွင် သက်ဆိုင်ရာဈေးတာဝန်ခံများ ကြီးကြပ်မှုဖြင့် အဝတ်နှာခေါင်းစည်း Maskများကို မြို့နယ်အတွင်းရှိ ဈေး (၁၃)ခုအနက် ဈေးကြီးများဖြစ်သည့် (ဈ)ဈေး၊ (ဌ)ဈေး၊ မေဓာဝီဈေး၊ မြနန္ဒာဈေးနှင့် (၂)ရပ်ကွက်ဈေးတို့တွင် ပြည်သူများ ဝယ်ယူရန်အဆင်ပြေနိုင်သည့် ဈေးနှုန်း များဖြင့် ရောင်းချနေမှု၊ ဈေးများကိုလည်း ပုံမှန်စစ်ဆေးခြင်းများပြုလုပ်လျက်ရှိကြောင်းနှင့် ရှောင်တခင် သွားရောက်စစ်ဆေးပါကလည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများကို အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးသို့ အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဇော်လွင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)