ပင်လည်ဘူး ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လမ်းသွားလမ်းလာ ပြည်သူများအား အပြင်ထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာမှုများရှိစေရေး ပညာပေး ဆောင်ရွက်မှုနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က မြို့ပေါ်ရပ်ကွက် လမ်းဆုံ လမ်းခွတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေဆောင်ရွက်ခြင်းနှင့် ပညာပေး ဆောင်ရွက်မှု တို့ကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နောင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်နိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးနေလင်းနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက အပြင်ထွက် သွားလာနေကြသည့် လမ်းသွားလမ်း လာပြည်သူများအား နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေပေး ခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်သတ်မှတ်ချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ အသိပညာဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူမရှိသေးသော်လည်း အပြင်ထွက် သွားလာနေကြသည့် လမ်းသွားလမ်းလာများ၊ ဈေးသည် ဈေးဝယ်များနှင့် ခရီးသွားပြည်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ရေးတို့နှင့် မြို့ဝင်မြို့ထွက် စစ်ဆေး ရေးဂိတ်တို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)