ပြည်တွင်းလေကြောင်းခရီး လိုက်ပါမည့်သူများ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ကျန်းမာရေးစစ်ဆေးပေး

မင်္ဂလာဒုံ ဒီဇင်ဘာ ၁၆

ပြည်တွင်းလေကြောင်းခရီး စီးနင်းလိုက်ပါကြမည့် ခရီးသွားပြည်သူများအား ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံ မြို့နယ် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ဒေသန္တရကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက လေယာဉ်နှင့်လိုက်ပါမည့် သူများအား ခရီးစတင်မထွက် ခွာမီ (၃၆)နာရီအတွင်း စစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း ယင်းသို့လာရောက်စစ်ဆေး ရာတွင် အဖော်ခေါ် လာ ခြင်း မပြု၊ နှာခေါင်းစည်းနှင့် မျက်နှာအကာ တပ်ဆင်လာရမည်ဖြစ်ပြီး စစ်ဆေးသည့် အချိန်မှလွဲ၍ အချိန်ပြည့် တပ်ဆင်ထားရမည်။ ထို့အပြင် တစ်ဦးနှင့်တစ်ဦးကြား ခြောက်ပေခွာထားသော သတ်မှတ် နေရာများတွင် စနစ်တကျ စောင့်ဆိုင်းခြင်း၊ စစ်ဆေးပြီး၍ ရောဂါပိုး မတွေ့ရှိကြောင်း ထောက်ခံချက်ရပြီး ပြီးချင်း အိမ်သို့ပြန်ရမည်။

ခရီးသွားမည့်  သူများသည်  နေရပ်လိပ်စာများ (ရန်ကုန်မြို့နှင့် သွားရောက်မည့်မြို့ရှိလိပ်စာ၊ ဖုန်းနံပါတ် များ) ကို မှန်ကန်ပြည့်စုံစွာဖြည့်သွင်းပြီး ရောဂါပိုးတွေ့ရှိပါက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ စည်းမျဉ်း စည်းကမ်းများအတိုင်း ကုသမှုခံယူရမည်ဟု သိရသည်။ အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်း တို့ကို မင်္ဂလာဒုံမြို့ နယ် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ဒေသန္တရကျန်းမာရေးဌာနနှင့် ကျောက်တံတားမြို့နယ်ရှိ Tourist Burma အဆောက်အအုံ (ဆူးလေဘုရားလမ်းရှိ မြန်မာအဆွေ ကုန်တိုက်)တို့၌ နံနက် (၉)နာရီမှ မွန်းလွဲ (၃)နာရီအတွင်း စစ်ဆေးပေးမည်ဟု သိရသည်။

မျိုးသန့်(ပြန်/ဆက်)