ထီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ကျေးလက်ဒေသ ရေ ရရှိရေး ကွင်းဆင်းဆောင်ရွက်

ထီးလင်း ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ညှစ်ရှောက်ကျေးရွာနှင့်လျှော်ဖြူပင် ကျေးရွာတို့တွင် ကျေးလက်ဒေသ ရေ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လေးဦး၊ ထီးလင်းမြို့နယ် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်အောင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးထွန်းမင်းနှင့်ဝန်ထမ်း များက ညှစ်ရှောက်ကျေးရွာနှင့် လျှော်ဖြူပင် ကျေးရွာများတွင် ကျေးလက်ဒေသ ရေ, ရရှိရေး မြေပြင်ကွင်းဆင်း တိုင်းတာမှုများ ဆောင်ရွက်ကြပြီး ညှစ်ရှောက် ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ခန်းမနှင့်လျှော်ဖြူပင်ကျေးရွာ ကျေးရွာစုရပ်ဆောင် တို့တွင် ကျေးရွာရှိ ပြည်သူလူထုများနှင့်တွေ့ဆုံ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တို့က မိမိတို့ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ရေးကို လည်းကောင်း၊ မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်း ပြောကြားကာ ကျေးရွာ ရန်ပုံငွေ ကြီးကြပ်မှုကော်မတီများကို ကျေးရွာများ အလိုက် ဖွဲ့စည်းခဲ့သည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာ ဖွံ့ဖြိုးရေး(VDP)လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ပြီး ညှစ်ရှောက်ကျေးရွာနှင့်လျှော်ဖြူပင် ကျေးရွာများ ၌ ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)