အင်းတော် မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောင်မင်္ဂလာရပ်ကွက်(အောက်ပိုင်း) တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ထောက်ပံ့မှုဖြင့် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်း (၅) လမ်း ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သည်။
အောင်မင်္ဂလာရပ်ကွက် (အောက်ပိုင်း) တွင် လမ်းခင်းရန် ကျန်ရှိနေသော အောင်မင်္ဂလာ စာသင်ကျောင်းလမ်း၊ ဦးဝင်းဖေလမ်း၊ ဒေါ်သီးလမ်း၊ ဦးအောင်ရွှေလမ်း၊ ဦးမြအောင်လမ်းများအပြင် ကျော်ဦးလမ်းသွယ်ကို မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ဘိလပ်မြေအိတ်ထောက်ပံ့မှု စေတနာရှင် ပြည်သူများ၏ ထည့်ဝင်ငွေ၊ ရပ်ကွက်သူ ရပ်ကွက်သားများ၏ လုပ်အားများဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဘိလပ်မြေအိတ် ၁၃၄၈ အိတ် ထောက်ပံ့ခဲ့ကြောင်း၊ စေတနာရှင် ပြည်သူများမှ ထည့်ဝင်ငွေကျပ် ၃၄ သိန်းကျော်၊ ရပ်ကွက်သူ ရပ်ကွက်သားတို့၏ လုပ်အားများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ လမ်းအရှည် စုစုပေါင်း ပေ ၁၁၀၀ ကျော်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလလယ်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ရာ မတ်လ ၉ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း လမ်းဖြစ်မြောက်ရေး ကော်မတီတစ်ဦးက ပြောပြခဲ့သည်။
အဆိုပါ လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၇) နာရီက အောင်မင်္ဂလာစာသင်ကျောင်း လမ်းထိပ်တွင် ကျင်းပခဲ့ရာ အခမ်းအနားတွင် အင်းတော်မြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဆွေမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် လမ်းများအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဆက်လက် ဆောင်ရွက်ရန် ရှိသည်များကို မှာကြားခဲ့ကြကြောင်းသိရသည်။
ကျော်သီဟ