သံတောင်ကြီးမြို့နယ်တွင် အရည်အသွေးမြင့်ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန် တွေ့ဆုံဆွေးနွေး

သံတောင်ကြီး ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် Organic ကော်ဖီ ဧက ၅၀၀၀ တိုးချဲ့ စိုက်ပျိုးရေးနှင့် အရည်အသွေးမြင့် ကော်ဖီထုတ်လုပ်ရေးအတွက် သံတောင်ကြီးမြို့နယ် ကော်ဖီ အစုအဖွဲ့မှ တာဝန်ရှိသူများ၊ ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီစိုက် တောင်သူများ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျောက်တိုင်ကော်ဖီခြံခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် လိပ်သိုကော်ဖီခြံ တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မီမီမြင့်က ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရာတွင် လိုအပ်သည့်နည်းပညာများ ‌ကျေးရွာအလိုက် ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီမှူး ဦးသိန်းထိုက်မင်းက သံတောင်ကြီးမြို့နယ်တွင် Organic ကော်ဖီဧက ၅၀၀၀ တိုးချဲ့စိုက်ပျိုးမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး သံတောင်ကြီးမြို့နယ် ကော်ဖီအသင်းဥက္ကဋ္ဌ ဆရာတော်ဦးစောဘိုသာက  ကော်ဖီဈေးနှုန်းကောင်းရရှိရန်နှင့် အရည်အသွေးမြင့် ထုတ်လုပ်နိုင်ရန်အတွက် ရှင်းလင်းဆွေးနွေး ခဲ့သည်။

ထို့နောက် တက်‌ရောက်လာသည့် မြို့နယ်ကော်ဖီအစုအဖွဲ့မှ တာဝန်ရှိသူများ၊ ကော်ဖီ လုပ်ငန်း ရှင်များ၊ ကော်ဖီစိုက်တောင်သူများက Organic ကော်ဖီတိုးချဲ့စိုက်ပျိုးရန်၊ အရည်အသွေး မြှင့်တင်နိုင်ရန်၊ ဈေးနှုန်းကောင်းများရရှိရန်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံ များအား အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)