ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ

မုံရွာ  ဒီဇင်ဘာ ၁၆

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယ နေ့ကို ဒီဇင်ဘာလ(၁၆)ရက် နံနက်(၁၀)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တိုင်း ဒေသကြီး လွှတ်တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီး အတွင်းရှိ မဲဆန္ဒနယ် အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ  တက်ရောက်ကြသည်။

အစည်းအဝေး၌ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စီစစ်ရေး ကော်မတီမှ တင်သွင်းခဲ့သည့် “ ၂၀၁၆ ခုနှစ် မှ ၂၀၂၀ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက် အစီရင် ခံစာ” နှင့် အထူးကိစ္စရပ်များ လေ့လာစုံစမ်းစီစစ်ရေးနှင့် သုတေသန ပြုရေးဆိုင်ရာ ကော်မတီမှ တင်သွင်းခဲ့သည့် “ ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ အနှစ်ချုပ် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ” ၊ အရအသုံး၊ ငွေစာရင်းဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေး ဆိုင်ရာ ကော်မတီမှ တင်သွင်း ခဲ့သည့် “ ၂၀၁၆ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာလုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ”တို့အား လွှတ်တော်၏ သဘောထားရယူ၍ မှတ်တမ်းတင်ကြောင်း ကြေညာခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးစိုးဦး တင်သွင်းခဲ့သည့် “ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် စစ်ကိုင်း တိုင်း ဒေသကြီး၏ ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်း “ နှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘော ထားရယူ၍ အတည်ပြု ချက်ရယူခြင်းများ ဆောင်ရွက်ခဲ့သည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဦးစိုးလွင် တင်သွင်းခဲ့သည့် “ စစ်ကိုင်း တိုင်း ဒေသကြီး စစ်ရင်းစစ်ချုပ်၏ ၂၀၁၆ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ (၅)နှစ်တာ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ” နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးနှင့် ကော်မတီ (၁)ခုတို့၏ ဆွေးနွေး ချက်များ အပေါ် သက်ဆိုင်ရာ ဝန်ကြီးများမှ ပြန်လည် ရှင်းလင်း ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူကာ မှတ်တမ်းတင်ကြောင်း ကြေညာခြင်းနှင့် “ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင် သာယာရေးကော်မတီအဆင့်ဆင့် ရွေးချယ်ဖွဲ့စည်းခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း)” နှင့် စပ်လျဉ်း၍ စီးပွားရေးကူးသန်းရောင်းဝယ်ရေး နှင့် စည်ပင်သာယာရေးကော်မတီမှ ပြင်ဆင်ဖြည့်စွက်ရန် တင်ပြချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးမှ ဆွေးနွေးခြင်နှင့် လွှတ်တော်၏ သဘော ထားရယူ၍ အတည်ပြုချက်ရယူ ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်ဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသန်းက ဒုတိယအကြိမ် စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် (၂၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ ရပ်နား ကြောင်းနှင့် အောင်မြင်စွာ ပြီးမြောက် ကြောင်း ကြေညာသည်။

ဝင်းဦး(ဇေယျာတိုင်း)