ပွင့်ဖြူ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုးချဲ့ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး အတွက် ဖွင့်လှစ်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းမှုသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်း ၏ ရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချသင်ကြားပေးမည့် သင်ခန်းစာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်း ထပ်တိုး ဆောင်ရွက်မည့် ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာနှင့် အုတ်ဖိုကျေးရွာမှ စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင် သင်တန်းသား ၊ သင်တန်းသူ (၁၄)ဦး အား မြစိမ်းရောင် စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရာတွင် သိရှိလိုက်နာရမည့် ရန်ပုံငွေစီမံ ခန့်ခွဲမှုနည်းပညာများ၊ ငွေစာရင်း၊ ဇယား ဖြည့်စွက်ရေးသွင်းနည်းများ၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် ဆောင်ရွက်ရန် နည်းလမ်းများ၊ ကော်မတီဝင်များ တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့ကြသည်။
အဆိုပါ သင်တန်းကို ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ထားရှိသော ညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရကာ သင်တန်းအား နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပို့ချသင်ကြားပေး သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)