ဇီးကုန်းမြို့နယ်တွင် နှာခေါင်းစည်းများစနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign တစ်ပတ်နှစ်ကြိမ်ပြုလုပ်လျက်ရှိ

ဇီးကုန်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်ကူပြုစေရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် Mask Campaign ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်-ပြည် ကားလမ်းမ လမ်းဆုံမီးပွိုင့်နေရာတွင် ပြုလုပ်ခဲ့သည်။

မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်း အဖွဲ့များပူးပေါင်း၍ နေအိမ်ပြင်ပသို့ထွက်ခွာလာသူများကို နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင် သွားလာမှု ရှိ/မရှိကို ရှောင်တခင်စစ်ဆေးပြီး၊ နှာခေါင်းစည်း တပ်ဆင်ခြင်း မရှိသူများကို သတ်မှတ်ဒဏ်ကြေး ပေးဆောင်စေ၍ ချက်ချင်းတပ်ဆင်စေခဲ့သည်။

မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် လူအသွား အလာများသော နေရာများတွင် စစ်ဆေးဆောင်ရွက်ခြင်းများကို တစ်ပတ်လျင် နှစ်ကြိမ် ပြုလုပ်လျက်ရှိသည်။ ယခင်က နှာခေါင်းစည်းမတပ်ဆင်သူများကို သတိပေးခြင်း၊ ပညာပေး  ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ သတ်မှတ်ဒဏ်ကြေးကိုပေးဆောင် စေကာ ပြည်သူများအားလုံး ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွင် အတူတကွ ပူးပေါင်း ပါဝင်စေလိုကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)