ကော့ကရိတ်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းဝေးပြုလုပ်

ကော့ကရိတ်  ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ကော့ကရိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ကော့ကရိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသင်းမှ ကလေးသူငယ်များကို ကာကွယ် စောင့်ရှောက်ခြင်း၊ ဝန်ဆောင်မှုများပေးခြင်း၊ လိုအပ်သည်များ ပံ့ပိုးကူညီပေးမှုများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကော်မတီဝင်များမှ ကလေး သူငယ် စောင့်ရှောက်ရေး၊ ကလေးသူငယ်များ ဖွံ့ဖြိုးမှုအတွက် ပြုစုပျိုးထောင်ရေး လုပ်ငန်းများ ကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပေးစေရေးတို့ကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ ဖြစ်ကြသည့် ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲမှူးရုံးမှ ဒုရဲမှူးအောင်စိုးမိုး၊ ခရိုင်ဥပဒေအရာရှိ ဦးကျော်ဝင်းတို့မှ ကလေးသူငယ် အခွင့်အရေး၊ ကလေးသူငယ်နစ်နာမှု မရှိစေရေး၊ ဘဝရပ်တည်မှုရရှိစေရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်က လုပ်ငန်းလုပ်ဆောင်ရာတွင် လိုအပ်ချက်များကို ယခုလိုအစည်းအဝေး ဆွေးနွေးပွဲများ ပြုလုပ်ခြင်းကြောင့် ကလေးသူငယ်နှင့် ပတ်သက်သည့် လိုအပ်ချက်များသိရှိရပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ပိုမိုအောင်မြင်မည်ဖြစ်ကြောင်းကို ဆွေးနွေးပြောကြား သည်။

အဆိုပါအစည်းအဝေးသို့ ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ၊ ဒုရဲမှူး၊ ခရိုင်ဥပဒေ အရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)