ဘားအံ ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ်အတွင်း ကိုဗစ် − ၁၉ ရောဂါ ရင်ဆိုင်ခံစားနေရသော ပြည်သူများအတွက် အာဆီယံ အပေါင်းသုံး (ASEAN+3) အရေးပေါ်အရန်ဆန်ရိက္ခာ (Asean Plus Three Emergency Rice Reserve - APTERR) အစီအစဉ်(၃)အရ ကိုရီးယား သမ္မတနိုင်ငံအစိုးရမှ လှူဒါန်းသော ဆန်ရိက္ခာ(၅၃)တန်နှင့်ညီမျှသော (၁၃၂၅) အိတ်အား ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ကရင်ပြည်နယ် အစိုးရ အဖွဲ့သို့ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လွှဲပြောင်းပေးအပ်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက အဖွင့် အမှာစကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူး ဦးသန်းထိုက်က APTERR အဖွဲ့ ဖွဲစည်း ထားရှိမှုနှင့် ထောက်ပံ့ လှူဒါန်းမှုများအား ရှင်းလင်းတင်ပြခဲ့ပြီး ဆန်တန်ချိန် (၅၃) တန်အား ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ် ဝန်ကြီး ဦးစောမြင့်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ ဆန်အိတ်များအား ဘားအံမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ စည်ပင်သာယာရေးအဖွဲ့၏ခန်းမ၌ သိုလှောင် ထားရှိကာ မြို့နယ်များသို့ ခွဲဝေထုတ်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးလွင်(ပြန်ဆက်)