ကော့မှူး ဒီဇင်ဘာ ၁၆
ကျေးလက်နေပြည်သူများအသိပညာဗဟုသုတများတိုးပွားရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်မားစေပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ယနေ့ နံနက်က ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်စက်စုကျေးရွာ ပညာ့ဗိမာန်စာကြည့်တိုက်သို့ မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာရေးဆရာများပူးပေါင်း၍ သုတ/ရသ စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါစာအုပ်စာစောင်လှူဒါန်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးရဲနောင်ချစ်က စာကြည့်တိုက်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာအုပ်များ လှူဒါန်း ရခြင်း အကြောင်းအရာများအားရှင်းလင်း ဆွေးနွေးခဲ့ပြီး မြို့နယ်စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးတင်လှိုင်(မြိုင်တင်လှိုင်)နှင့် အတွင်းရေးမှူး ဦးခင်ဇော်(ခင်ဇော်ကော့မှူး)တို့က မုဒိတာစကား များ အသီးသီးပြောကြားခဲ့ရာ စက်စုကျေးရွာပညာ့ဗိမာန်စာကြည့်တိုက်မှူး ဒေါ်သဇင်နွယ်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါစာအုပ်စာစောင်လှူဒါန်းပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စာရေးဆရာအသင်း၊ ကော့မှူးမြို့နယ်မှစတိုင်လက်ဖက်ရည်ဆိုင်၊ ရန်ကုန်မြို့နေ စာရေး ဆရာမ ပေါက်ပေါက် နှင့်စေတနာရှင်အလှူရှင်များကတန်ဖိုးငွေ (လေးသိန်း ရှစ်သောင်းကျော်) ရှိ သုတ/ရသစာအုပ် စာစောင်ပေါင်း(၃၉၂) အုပ်အားလှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)