ရန်ကုန် ဒီဇင်ဘာ ၁၆
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလမှစ၍ ယနေ့အချိန်ထိ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်း၌ အနယ်နယ်အရပ်ရပ်က ခရီးသည်များ သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် ရန်ကုန်မြစ်တွင်း၌ ဂျပန်နိုင်ငံမှ လှူဒါန်းထားသော ချယ်ရီသင်္ဘော ၃ စီးဖြင့် အလှည့်ကျ ပို့ဆောင်ပြေးဆွဲပေးလျက်ရှိရာ လက်ရှိအချိန်တွင် သင်္ဘော ခရီးစဉ်အချိန်များအား ခရီးသည်သွားလာမှု (အနည်းအများ) အခြေအနေပေါ်မူတည်ပြီး အချိန်ပြောင်းလဲ သတ်မှတ်၍ ပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။
“ကျွန်တော်တို့ ခရီးစဉ်နဲ့ ခရီးသည်သွားလာမှု အဆင်ပြေမှုရှိ၊ မရှိ နေ့တိုင်းဆင်းပြီးတော့ စစ်ဆေးတယ်၊ လိုအပ်ချက် တွေကို ပြင်ဆင်နိုင်အောင်ပါ၊ ခရီးသည်တွေ များလာရင် ခွဲပြီး ပို့ဆောင်နိုင်အောင် စီစဉ်ထားတာရှိပါတယ်၊ လက်ရှိ ခရီးသည် အခြေအနေကိုလည်း ကြည့်ရပါတယ်၊ ပုံမှန်အခေါက်ရေ ၄၆ ခေါက် အတိုင်း ပြန်မဆွဲနိုင်သေးတာက မနက်ပိုင်းနဲ့ ညနေပိုင်း ရုံးတက် ရုံးဆင်းချိန်တွေေမှာ ခရီးသည် များပါတယ်၊ နေ့လည်ပိုင်းအချိန်မှာတော့ ခရီးသည် နည်းတာကို တွေ့ရပါတယ်၊ ခုချိန်က တိုင်းဒေသ ကြီးနဲ့ပြည်နယ်တွေ ကျော်လွန်သွားလာခွင့်မရှိသေးတဲ့ အခါကျတော့ သင်္ဘောခရီးစဉ်က ယခင်ပုံမှန် ပြေးဆွဲနေတဲ့ ခေါက်ရေတိုင်း မဖြစ်သေးတာပါ၊ သတ်မှတ်ထားတဲ့ ရေယာဉ်ခရီးစဉ် အချိန်ဇယားအတိုင်း ခရီးသည်များကို ပြေးဆွဲပို့ဆောင်ပေးခြင်းဖြစ်ပါတယ်၊ အများပြည်သူ ဝန်ဆောင်မှုပေးတဲ့ ဌာန ဖြစ်တဲ့အတွက် ခရီးသည်တွေ အဆင်ပြေစေဖို့အတွက် ခရီးသည်များရဲ့ ခရီးစဉ် ဝေဖန်အကြံပြုချက် များကို ပြုပြင်ပြောင်းလဲပြီး ဆောင်ရွက်ပေးသွားမှာပါ ” ဟု ခရီးသည်သွားလာမှုအခြေအနေ နဲ့ သင်္ဘောခရီးစဉ် ပြေးဆွဲပေးခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ် ဌာနခွဲ) လက်ထောက်အထွေထွေ မန်နေဂျာ ဦးလှဝင်းနိုင်က ပြောသည်။
လက်ရှိအချိန်၌ ရုံးဖွင့်ရက်များတွင် ပန်းဆိုးတန်း-ဒလ ကူးတို့လမ်း ရေယာဉ်များကို နံနက် ၆ နာရီခွဲမှ ည ၈ နာရီအချိန်ထိ အသွား ၂၆ ခေါက်၊ အပြန် ၂၆ ခေါက် နှုန်းဖြင့် လည်းကောင်း၊ ရုံးပိတ်ရက်များတွင် နံနက် ၇ နာရီ မှ ည ၇ နာရီအချိန်ထိ အသွား ၁၄ ခေါက်၊ အပြန် ၁၄ ခေါက် နှုန်းဖြင့် ခရီးသည်များကို ပြေးဆွဲပို့ဆောင်ပေးလျက်ရှိသည်။
နံနက်ပိုင်းနှင့်ညပိုင်း သင်္ဘောခေါက်ရေတို့တွင် ခရီးသည်စီးနင်းမှု များပြားခြင်းကြောင့် ပြည်သူအချို့မှာ ရောဂါ ကူးစက်မှုပျံ့နှံမှု ဖြစ်ပွားမည်ကို စိုးရိမ်မှုများကြောင့် သင်္ဘောခရီးစဉ်များကို ခေါက်ရေတိုးပြီး ပြေးဆွဲပေးနိုင်ရေး၊ အချို့မှာ နှာခေါင်းစည်းဝတ်ဆင်ခြင်းမရှိဘဲ ခရီးသည်များ ခေါ်ယူနေခြင်းများနှင့် ခရီးသည်များ၏ ပစ္စည်းထုပ်များကို အလုအယက် သယ်ဆောင်ပြီး ပစ္စည်းသယ်ခများ ပိုမိုတောင်းယူ နေခြင်းများကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မကြာခဏ ဝေဖန်ထုတ်ဖော် ရေးသားမှုများရှိခဲ့ သည်။
“ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက အများပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ ဌာနဖြစ်ပါတယ်၊ ဒါကြောင့် ပြည်သူ များရဲ့ ဝေဖန်အကြံပြုချက်များကို ပြန်လည်ဖြေရှင်းပေးခြင်း၊ ဖြည့်ဆည်းဆောင်ရွက် ပေးခြင်း၊ ပြုပြင်ပြောင်းလဲပေးခြင်းတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောပြသည်။
ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ကာလက ချယ်ရီသင်္ဘော ၃ စီးဖြင့် အလှည့်ကျ ပြေးဆွဲပေးလျက်ရှိရာ နေ့စဉ် နံနက် ၅ နာရီခွဲ မှ ည ၉ နာရီ အချိန်ထိ အသွား ၄၆ ခေါက်၊ အပြန် ၄၆ ခေါက်နှုန်းဖြင့် ပြေးဆွဲပေးခဲ့သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားချိန်မှ စ၍ ယနေ့အချိန်ထိ ချယ်ရီရေယာဉ် ထွက်ခွာချိန် (အခေါက်ရေ)များအား ခရီးသည် အနည်း အများပေါ် တာဝန်ရှိသူများက နေ့စဉ်ကြီးကြပ်လျက်ရှိပြီး လိုအပ်ချက်အပေါ်မူတည်၍ ခေါက်ရေ အတိုးအလျော့ကို စီမံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်းသည် အနယ်နယ်အရပ်ရပ်က ခရီးသည်များ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် ပို့ဆောင်ပေးလျက်ရှိသော သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေသော ကာလအတွင်း သင်္ဘောစီးနင်းလိုက်ပါကြသည့် ခရီးသွားမိဘပြည်သူ များ၊ ခရီးသည်များ ခေါ်ယူကြသူများ၊ အနှေးယာဉ် ဆိုက်ကားနင်းသူများ၊ ဆိုင်ကယ်ကယ်ရီမောင်းနှင်း သူများ၊ သုံးဘီးဆိုင်ကယ် မောင်းနှင်းသူများ အနေဖြင့် ခရီးသည်များအား စနစ်တကျ ခေါ်ယူခြင်းနှင့် နှာခေါင်းစည်းများ ဝတ်ဆင်ခြင်းဖြင့် စည်းကမ်းရှိမှုနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ် ကြောင်း သိရသည်။
ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးသည် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းဖြစ်ခြင်းကြောင့် နိုင်ငံတော်နှင့် အခွန်ထမ်း ပြည်သူများ ဝန်ထုတ်ဝန်ပိုး မဖြစ်စေရေးအတွက် စီးပွားရေးလုပ်ငန်းပီပီ အရှုံးသက်သာစေ ရန်၊ အရင်းအနှီးပြန်ရရန် အလို့ငှာ ဝင်ငွေရှာဖွေနေရသော ဌာနတစ်ခုဖြစ်ကြောင်း၊ ထို့အတူ ခရီးသွားမိဘ ပြည်သူများအား ဝန်ဆောင်မှုပေးနေရ သော ဌာနဖြစ်သည်နှင့်အညီ မိဘပြည်သူများ၏ ဝေဖန်အကြံပြု ချက်များနှင့် ပတ်သက်၍ ဖုန်းနံပါတ် ၀၁၈၃၈၀၇၆၄ နှင့် ၀၁၈၂၆၉၅၄၇ သို့ ဆက်သွယ် အကြံပြုနိုင် ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)