လိပ်သို ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀နာရီခွဲ အချိန်က လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် လိပ်သိုမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော် က အဖွင့်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာကျေးရွာ များမှ မိမိတို့ ကျေးရွာရှိ Quarantine Centre များအား ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များအား စနစ်တကျ လိုက်နာဆောင်ရွက် ကြရန်လိုကြောင်း၊ အပြင် ထွက်တိုင်း Mask တပ်ကြရန် ၊ မိမိတို့ မြို့အနေဖြင့် မြို့၀င် မြို့ထွက် စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ၀န်ထမ်းများ အလှည့်ကျတာ၀န်ယူ ဆောင်ရွက်ရန်၊ ခရီးသွားရာဇ၀င် စစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို အထူးကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲကိုယ်တိုင် မြို့၀င်/မြို့ထွက် ဂိတ်မှာ ပါ၀င်ကြီးကြပ်ပေးရန် ဆွေးနွေးမှာကြားခဲ့သည်။
ဆက်လက်ပြီး လိပ်သိုမြို့ တိုက်နယ်ဆရာ၀န်တာ၀န်ခံ ဒေါက်တာဇေယျာဦးက ဆွေးနွေးရာတွင် မိမိတို့မြို့အနေဖြင့် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၂) ဦးသာ ရှိခဲ့သော်လည်း ပြည်သူတွေအနေနဲ့ အသိ သတိရှိဖို့လိုကြောင်း၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးလုပ်ငန်းကို အမျိုးသားရေး တာ၀န် တစ်ရပ်အနေဖြင့် ပြည်သူများ ပူးပေါင်းပါ၀င် ဆောင်ရွက်ကြစေလိုကြောင်း၊ ကျန်းမာရေး ၀န်ကြီးဌာန ၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကိုက်ညီမှု ရှိ/ မရှိ ကြပ်မတ် ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့၀င်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ သိရှိလိုသည်များကို တင်ပြ ဆွေးနွေး ခဲ့ပြီး အစည်းအဝေးကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)