တောင်ငူ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၂) ဦး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရရှိ

တောင်ငူ ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီးအတွင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှ တောင်ငူပြည်သူ့ဆေးရုံကြီးသို့ ဒီဇင်ဘာလ ၇ ရက်နေ့က လွှဲပြောင်းခဲ့သည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အသက် (၁၀၀) အရွယ်ရှိ အဘွားတစ်ဦးနှင့် သမီးဖြစ်သူတို့ ရောဂါသက်သာ ပျောက်ကင်း၍  ယမန်နေ့ နံနက်ပိုင်းက တောင်ငူ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ဆင်းခွင့်ရရှိခဲ့ကြောင်း တောင်ငူဆေးရုံအုပ်ကြီးရုံးမှ သိရ သည်။

“ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ အမျိုးသမီးနှစ်ဦးနှင့် ထိတွေ့ဆက်စပ်သူ ၁၂၃ ဦးကို ကိုဗစ်-၁၉ ပိုး ရှိ/မရှိ ဒီဇင်ဘာလ ၆ ရက်နေ့က စစ်ဆေးခဲ့ရာမှာ ရောဂါပိုးတွေ့ရှိသူ ၁၀ ဦးအနက် ချောင်းမကြီးကျေးရွာ နေသူ ၆ ဦးမှ အသက် (၁၀၀) နှစ်အရွယ် အဘွားတစ်ဦး ပါဝင်လာခြင်းဖြစ်ကြောင်း၊ ၄င်းအပါအဝင် သမီးဖြစ်သူ (ပိုးတွေ့လူနာ)၊ ၂ နှစ်အရွယ် ပိုးတွေ့ လူနာနှင့် မိခင်ဖြစ်သူ (ပိုးတွေ့လူနာ)တို့အား  တောင်ငူအထွေထွေရောဂါကု ပြည်သူဆေးရုံကြီးသို့ လွှဲပြောင်းကုသခဲ့ ရခြင်းဖြစ်ကြောင်း၊ လွှဲပြောင်း ကုသခဲ့သည့် ပိုးတွေ့လူနာများ ကျန်းမာရေးသက်သာကောင်းမွန်၍ သက်ဆိုင်ရာနေရပ်သို့ ပြန်လည် ပို့ဆောင်ထားပြီး နေအိမ်၌ သီးသန့် ကန့်သတ်ထားရှိမည်ဖြစ်ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ရေတာရှည်မြို့နယ်အတွင်း ယ​နေ့အချိန်ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိိသူပေါင်း  ၁၅၀ ဦးရှိပြီး ကျန်းမာ​ရေး​စောင့်​ရှောက်မှု ခံယူလျက်ရှိသည့် လူနာ  ၁၁ ဦးရှိကာ  ကျန်သူအားလုံးမှာ ရောဂါ သက်သာပျောက်ကင်းပြီး ဆေးရုံမှ ဆင်းခွင့်ပြုကြောင်း ရေတာရှည်မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ သိရသည်။

ဇော်ထက် (တောင်ငူ)