ဇီးကုန်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်း၍ ကျေးရွာစီမံကိန်းလုပ်ငန်းခွဲများ ရွေးချယ်ခြင်းဆောင်ရွက်

ဇီးကုန်း ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ -၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ‌ဇရပ်လှကျေးရွာအုပ်စု ညောင်ဝိုင်း ကျေးရွာနှင့် လေးမျက်နှာ ကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)မိတ်ဆက် ခြင်း၊ ကော်မတီဖွဲ့စည်း ခြင်းနှင့် စီမံကိန်းလုပ်ငန်းခွဲများ ရွေးချယ်ခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီက ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက် များနှင့်အညီ အဆိုပါကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့မွန်က ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း (VDP)ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို‌ ရှင်းလင်း‌ပြောကြား၍ ကော်မတီဖွဲ့စည်းရာ တွင်လည်း စိတ်ပါဝင်စား ၍ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် သူများကိုသာ ရွေးချယ်ဖွဲ့စည်းရန်နှင့် ကော်မတီဝင်များ၏ ရပိုင်ခွင့်နှင့် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားခဲ့သည်။ စီမံကိန်းလုပ်ငန်းများ ရွေးချယ်ရာတွင် လည်း ကျေးရွာပြည်သူလူထုအားလုံး အကျိုးခံစားခွင့်ရှိမည့် စီမံကိန်း လုပ်ငန်းခွဲများကို ဦးစား‌ပေးရွေးချယ်‌သင့်‌ကြောင်း၊ အမျိုးသမီးများ အနေဖြင့်လည်း စီမံကိန်းလုပ်ငန်းခွဲများ ရွေးချယ်ရာတွင် ပါဝင်ဆွေးနွေး ရွေးချယ်ပေးစေလိုကြောင်းကို ပြောကြားခဲ့သည်။ ထို့နောက် ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ ‌စီမံကိန်း ကော်မတီဝင်များ‌ ရွေးချယ်ဖွဲ့စည်း ပေးခြင်းနှင့် ကျေးရွာစီမံကိန်းလုပ်ငန်းခွဲများ ရွေးချယ်ခြင်းတို့အား စီမံကိန်းလက်စွဲပါ သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါကျေးရွာတွင် ကျေးရွာစီမံကိန်းလုပ်ငန်းခွဲများအနေဖြင့် ရွာတွင်း(၄၀၀)ဗို့အား လျှပ်စစ်လိုင်းမီးကြိုး သွယ်တန်းခြင်း လုပ်ငန်း၊ ကျေးရွာတွင်း လမ်းခင်းခြင်းလုပ်ငန်း၊ ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်း၊ ရေပေး ဝေရေးလုပ်ငန်း၊ ကျောင်းခြံ စည်းရိုးကာရံခြင်းလုပ်ငန်း၊ ကျေးရွာချင်းဆက်လမ်းနှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းဖွင့်လှစ်ပေးခြင်း စသည့် လုပ်ငန်းများကို ကျေးရွာပြည်သူလူထု အများသဘောတူညီချက် ဖြင့် ရွေးချယ်ခဲ့ကြသည်။

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)များကို ကျေးရွာတစ်ရွာလျှင် စီမံကိန်း ရန်ပုံငွေကျပ်သိန်း (၁၀၀) နှုန်း‌စီ ထောက်ပံ့‌ပေးပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးပေး၍ ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)