ဒဂုံတောင် ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံ လူတန်းစားအိမ်ထောင်စု များကို နိုင်ငံတော်မှ ငွေကြေးထောက်ပံ့ကူညီရာတွင် အမှန်တကယ် ရသင့် ရထိုက်သူများ ရရှိစေရေးနှင့် တိကျမှန်ကန်သော လူဦးရေစာရင်း တင်ပြနိုင်ရေး မြို့နယ်အတွင်းရှိ ဌာန ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်မှ စတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအား သက်ဆိုင်ရာ ရပ်ကွက်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ တိကျမှန်ကန်သော ထောက်ပံ့ငွေ ပေးအပ်သင့်သည့် အိမ်ထောင်စုစာရင်းများ ရရှိရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် သက်ဆိုင်ရာ ရပ်ကွက်အတွင်းရှိ ထောက်ပံ့ကြေးငွေပေးအပ်သင့်သည့် အိမ်ထောင်စုများထံသို့ သွားရောက်တွေ့ဆုံ မေးမြန်း၍ အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
အိကေသရီ(ပြန်/ဆက်)