ရန်ကင်းမြို့နယ်တွင် Mask မတပ်သူများကို ဒဏ်ငွေပေးဆောင်စေခြင်းနှင့် Mask Campaign ဆောင်ရွက်

ရန်ကင်း  ဒီဇင်ဘာ  ၁၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ အတည်ပြုပိုးတွေ့ လူနာ များပြားလာခြင်းကြောင့် ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက် ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ မြို့နယ် အတွင်းရှိ ပြည်သူများ နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်နှာခေါင်းစည်း Mask များ မပျက်မကွက် တပ်ဆင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များကို လိုက်နာကြစေရန် အတွက်  တာဝန်ရှိသူများက အသိပညာပေးပြီးဖြစ်ရာ ယနေ့ နံနက် ၈ နာရီက ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် မြို့နယ်အတွင်း လူစည်ကားရာ ဈေးတစ်ဈေး ဖြစ်သော အမှတ်(၁၁)ရပ်ကွက် ကံဘဲ့ ဘူတာဈေးအတွင်း  ပါးစပ်နှာခေါင်းစည်း (Mask)  မတပ်ဆင် သူများကို ဒဏ်ငွေ ပေးဆောင် စေခြင်းနှင့် Mask Campaign ဆောင်ရွက် ခဲ့ကြောင်း သိရသည်၊၊

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ Mask တပ်ဆင်သွားလာခြင်းမရှိ သူများအား ဒဏ်ပေးသည့်အနေဖြင့် Mask ဝယ်ယူစေပြီး ချက်ချင်းဝယ် ချက်ချင်းတပ်စနစ်ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး နောက်ရက်များတွင်လည်း ယခုကဲ့သို့ ရှောင်တခင် ဝင်ရောက် စစ်ဆေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကော်မတီထံမှ သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)