ဆိပ်ကြီးခနောင်တို ဒီဇင်ဘာ ၁၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် စက်တပ်သမ္ဗန်ဆိပ်တွင် မြို့နယ်နေပြည်သူများအား Mask များ အခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် စက်တပ်သမ္ဗန်များတွင် အသက်ကယ်အင်္ကျီ ပြည့်စုံစွာပါရှိရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းထွန်း အောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ရွှေရန်ကုန် စက်တပ်သမ္ဗန်ဂိတ် အနီးတွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အဓိကကျသည့် ပါးစပ်နှင့်နှာခေါင်းစည်း အကာအကွယ် Mask များကို ပြည်သူ့လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ ပြီး၊ တဆက်တည်း စက်တပ်ရေယာဉ်(သမ္ဗန်)စီး ခရီးသည်များ အန္တရာယ်ကင်းရှင်းရေးအတွက် စက်တပ် သမ္ဗန်များတွင် အသက်ကယ်အင်္ကျီ (Life-Jacket)များ ပြည့်စုံစွာ ပါရှိရေးနှင့် အရည်အသွေးကောင်းမွန် ရေးတို့ကို စက်တပ်သမ္ဗန် တစ်စီးချင်းအလိုက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)