ပွင့်ဖြူ မတ် ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော မြန်မာ့ရိုးရာ အခြေခံကဗျာလွတ် အကသင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်း က မြန်မာ့ရိုးရာ ဆံရစ်ဝိုင်းယဉ်ကျေးမှု အမွေအနှစ်အား တန်ဖိုးထားထိန်းသိမ်းမှုအပေါ် မိမိ အနေဖြင့် များစွာဂုဏ်ယူမိပါကြောင်းနှင့် သင်တန်းမှ ပို့ချသင်ကြားပေးသည့် မြန်မာ့ရိုးရာ အခြေခံ ကဗျာလွတ်အက ပညာရပ်ကို စနစ်တကျ လေ့ကျင့်ကာ ကျေးရွာရှိ အကဝါသနာပါသော အမျိုးသမီးများကို လက်ဆင့်ကမ်း မျှဝေသင်ကြားပေးစေလိုကြောင်း ဆွေးနွေးပြောကြားပြီး သင်တန်းနည်းပြဆရာမ(၂)ဦးအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်စိန်က ရေပုတ်ကြီးကျေးရွာရှိ အမျိုးသမီးငယ်များအနေဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့် ဆံရစ်ဝိုင်းထားသိုမှု ဓလေ့ကို ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် နိုင်ငံအတွက် များစွာဂုဏ်ယူစရာပင်ဖြစ်ပါကြောင်း၊ အလားတူ ယခုဖွင့်လှစ်သင်ကြားပေးသည့် အခြေခံကဗျာလွတ်အက ပညာရပ်သည်လည်း တန်ဖိုးထားထိန်းသိမ်းရမည့် ယဉ်ကျေးမှုအနုပညာတစ်ခုပင်ဖြစ်ပါကြောင်းနှင့် သင်တန်းသူ ဆံရစ်ဝိုင်း အမျိုးသမီးငယ်များအနေဖြင့် ကျွမ်းကျင်စွာ ကပြနိုင်အောင် လေ့ကျင့် ကြိုးစားကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ရေပုတ်ကြီးကျေးရွာရှိ အခြေခံ ကဗျာလွတ်အက သင်တန်းသူ ဆံရစ်ဝိုင်း အမျိုးသမီးငယ်များက သင်တန်းမှ လေ့ကျင့်သင်ကြားပေးသည့် ကဗျာလွတ်အကဖြင့် တက်ရောက်လာသူများကို ဖျော်ဖြေကပြခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံ ကဗျာလွတ်အကသင်တန်းကို မတ် ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ တစ်ပတ်ကြာ စာတွေ့ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရပြီး ရေပုတ်ကြီးကျေးရွာရှိ ဆံရစ်ဝိုင်း အမျိုးသမီးငယ် ၂၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)