သနပ်ပင် ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေ ချောမွေ့စေရန်နှင့် ကုန်ထုတ်လုပ်ငန်းများလျှင်မြန်စေရန်အတွက် ပဲခူး-စစ်တောင်း တူးမြောင်းတာပေါင်လမ်း သနပ်ပင်- ကျိုက်ပဒိုင်လေး ဂဝံလမ်းခင်းနေ ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လယ် (၁)နာရီက သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်အောင်နှင့် လွှတ်တော် ကိုယ်စားလှယ်များက ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်လမ်း ဦးစီးဌာနမှ တာဝန်ခံ အင်ဂျင်နီယာ ဒေါ်ခင်ချိုချိုထိုက်မှ ဂဝံလမ်းခင်းနေမှုနှင့် ပတ်သက်၍ တာဝန်ရှိသူတို့အားရှင်းလင်းပြောကြားခဲ့ သည်။
အဆိုပါ ဂဝံလမ်းကို၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃၆၄.၁)သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ပဲခူး-စစ်တောင်းတူးမြောင်း တာပေါင်လမ်း သနပ်ပင်- ကျိုက်ပဒိုင်လေး ဂဝံလမ်းသည် အရှည် ၂၅,၅၀၀ပေ၊ အကျယ် ၁၄ ပေ၊ ထု ၈ လက်မရှိပြီးလမ်းအမျိုးအစားမှ ဂဝံလမ်းအမျိုးအစားဖြစ်ကြောင်းသိရသည်။
၎င်းပဲခူး-စစ်တောင်း တူးမြောင်းတာပေါင်းလမ်းသည် မြို့နယ်ချင်းဆက်လမ်းတစ်ခုဖြစ်ကာ ဝေါမြို့နယ် မြစ်ကျိုးကျေးရွာနှင့် သနပ်ပင်မြို့နယ် တာဝရေတံခါးကျေးရွာအထိ ဆက်သွယ် ထားသော လမ်းဖြစ်ကြောင်း သိရသည်။။ အဆိုပါ လမ်းအား ပဲခူး-စစ်တောင်း တူးမြောင်း တာပေါင်လမ်းဘေးရှိ ကျေးရွာများမှ ကျေးလက် နေပြည်သူ့တို့ စီးပွားရေး၊လူမှု့ရေး၊ကျန်းမာရေး စသည့် အကြောင်းအရာကိစ္စများတွင် အဓိက အသုံးပြုသွားလာရသည့် လမ်းဖြစ်သောကြောင့် ကျေးလက်နေပြည်သူတို့ အလုပ်အကိုင်၊အခွင့်အလမ်းများ ယခင်ကထက် ပိုမိုရရှိလာမည် ဖြစ်ကြောင်းသိရှိရသည်။
လှမိုး(သနပ်ပင်)