ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးကျော်မိုးကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ခလေးစောင့်ရှောက်မှုအသင်းဥက္ကဋ္ဌ ဒေါ်အိအိဖြိုးက မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကူးစက်ပြန့်ပွားမှုကို ကာကွယ်နိုင်ရန်နှင့် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုမရှိစေရန်အတွက်ရည်ရွယ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် ကလေးငယ်များတွင်သာမက အသက်အရွယ်မရွေးဖြစ်ပွားနိုင်သဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို စီမံချက်အသွင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်း နှစ်အလိုက်ဖြစ်ပွားမှုကိန်းဂဏန်းများအရ (၂၀၂၃)ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ(၆၅)ဦးရှိပြီး သေဆုံးသူ(၂)ဦးရှိပြီး (၂၀၂၄) ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ(၅၀)ဦးရှိပြီး သေဆုံးသူမရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်တွင် ရက်သတ္တပတ်(၁)မှ (၃၀)အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ(၇၀)ဦးရှိပြီး သေဆုံးသူ(၁)ဦးရှိပါသဖြင့် မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းအား လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း ရပ်ကွက် ၂၈ ရပ်ကွက်နှင့် ကျေးရွာ၄ ရွာတွင် ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ မြို့နယ်လုံးကျွတ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ရာ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု အသင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်းများမှ Volumteer များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး/ ဆယ်အိမ်မှူးများမှ ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)