ရန်ကင်း ဒီဇင်ဘာ ၁၇
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများက အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်များကို ယနေ့နံနက် ၇ နာရီမှစတင်ပြီး ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်များ၊ အိမ်ရာများ၊ ဈေးနှင့်ဝေးသောနေရာများတွင် ရွေ့လျားယာဉ်ဖြင့် လိုက်လံ ရောင်းချပေး ခဲ့သည်။
ယခုလို ရောင်းချပေးခြင်းသည် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိစေနိုင်ရန်၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရန်နှင့် သန့်ရှင်းလတ်ဆတ် သော စားသောက်ကုန်များကို မိမိတို့ရပ်ကွက်အတွင်း ဝယ်ယူရရှိစေနိုင်ရန် ရည်ရွယ်၍ ရောင်းချပေးခြင်း ဖြစ်သည်ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ထိုသို့ လာရောက် ရောင်းချရာနေရာသို့ ရန်ကင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျ ရောင်းချပေးနိုင်ရေး ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးခဲ့သည်။
ရန်ကင်းမြို့နယ်တွင် စျေးကားများဖြင့် လာရောက် ရောင်းချပေးခြင်းကို အောက်တိုဘာလ ၂၆ ရက်နေ့မှ စတင်ခဲ့ကာ ယနေ့တွင် ကံဘဲ့စည်ပင်ဝန်ထမ်းအိမ်ရာဝင်း၊ အမှတ်(၅)ရပ်ကွက် ရန်အေးလမ်း ရွှေအုန်းပင်အိမ်ရာနှင့် (၁၂)လုံးတန်း ကားမှတ်တိုင်တို့တွင် လိုက်လံ ရောင်းချ ပေးခဲ့ပြီး အပတ်စဉ်တိုင်း ဆက်လက် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)