ရွှေတောင် ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လူစည်ကားရာ ဆယ်နာရီစျေး အာဇာနည် ကျောက်တိုင်အနီးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေးနှင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များ ပူးပေါင်းပြီး ပြည်သူများအား ကိုဗစ်−၁၉ ရောဂါကူးစက်မှု ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
ရွှေတောင်မြို့နယ်အတွင်း လမ်းသွားလမ်းလာပြည်သူများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် -၁၉ ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ၊ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ စည်းကမ်းချက်များကို ရှင်းလင်းဟောပြောခြင်း၊ Mask များအခမဲ့ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကိုကိုမင်း(ပြန်/ဆက်)