ပါးစပ်၊ နှာခေါင်းစည်း (Mask)တပ်ဆင်ရေး ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံမြောက် ဒီဇင်ဘာ ၁၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ပါးစပ်၊ နှာခေါင်းစည်း(Mask)မတပ်သူများအား စစ်ဆေးအရေးယူခြင်းကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက် ရှိရာ ယနေ့ နံနက် ၈ နာရီက မြို့နယ်အတွင်းရှိ (၃၂)ရပ်ကွက်အတွင်းနှင့် ကျောင်းလမ်းမှတ်တိုင်၊ ပင်လုံလမ်းမကြီးပေါ် တွင် မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ဆေးအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ပါးစပ်၊ နှာခေါင်းစည်း (Mask) မတပ်သူများအား စစ်ဆေးကြပ်မတ် အရေးယူခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပါးစပ်၊ နှာခေါင်းစည်း (mask)တပ်ဆင်ထားခြင်း မရှိသော လမ်းသွားလမ်းလာများ၊ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ် များပေါ်လိုက်ပါလာသူများအား ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိပါက(mask)တစ်ခုလျှင် နှစ်ရာ ကျပ်ဖြင့် ချက်ချင်းဝယ်ယူ တပ်ဆင်စေခဲ့ရာ ယနေ့တွင်(၄၉)ဦး စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။

စစ်ဆေးအရေးယူရာတွင် ပါးစပ်၊ နှာခေါင်းစည်း(mask) တပ်ဆင်မလာသူများအား အပြင်ထွက်တိုင်း ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အား လိုက်နာဆောင်ရွက်ရန် ပညာပေး ပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရ သည်။ 

မြင့်မြင့်ရီ(ပြန်/ဆက်)