မကွေး ဒီဇင်ဘာ ၁၇
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ်၊ ပုတီးကုန်းကျေးရွာ မီးလင်းရေးအောင်ပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျေးရွာ ထရန်စဖော်မာ တည်ရှိရာ ဘုရားစေတီကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျေးရွာမီးလင်းရေးအောင်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆန်း၊ တိုင်းဒေသကြီး အမှတ်(၂)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်၊မကွေး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်၊ သမန်းတော ကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးပေါစံ၊ ပုတီးကုန်းကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆန်းနှင့် တိုင်းဒေသကြီး အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ချိုလတ်တို့က အမှာစကား အသီးသီးပြောကြားပြီး မကွေးမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင်က လျှပ်စစ်မီးလင်းရေး လုပ်ငန်း ဆောင်ရွက်ပေးမှုနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားကာ မြို့နယ်လျှပ်စစ်ရုံးဝန်ထမ်းများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ပုတီးကုန်းကျေးရွာ မီးလင်းရေးအတွက် လိုအပ်သည့် ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်း (၃၂၀၀)ပေကို ကျေးရွာနေ ပြည်သူလူထု ထည့်ဝင်ငွေများဖြင့် တည်ဆောက်ကာ၊ပုတီးကုန်းကျေးရွာ အတွက်(၁၁)ကေဗွီ ဓာတ်အားလိုင်း(ဝ.၈)မိုင်နှင့် (၁၁/ဝ.၄) ကေဗွီ (၁၀၀)ကေဗွီအေ ထရန်စဖော်မာ (၁)လုံးတို့ကို အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(NEP)အနေဖြင့် တာဝန်ယူ တပ်ဆင်ပေး ခဲ့ခြင်းဖြစ်ပြီး (NEP)စီမံကိန်းဖြင့် မကွေးမြို့နယ်အတွင်း (၃၁)ရွာမြောက် မီးလင်းသည့် ကျေးရွာဖြစ်ပြီး ပုတီးကုန်း ကျေးရွာရှိ အိမ်ခြေ(၁၆၈)ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)