လှိုင်းဘွဲမြို့နယ်တွင် ဆောင်းချေးငွေများ စတင်ထုတ်ချေးရာတွင် Banking Software System စတင်အသုံးပြု

လှိုင်းဘွဲ            ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လှိုင်းဘွဲမြို့နယ်ဘဏ်ခွဲမှ တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် ဆောင်းချေးငွေများကို ယနေ့ နံနက်ပိုင်းက စတင်၍ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်းချေးငွေများ ထုတ်ချေးပေးရာတွင် တောင်သူများအနေဖြင့် ခက်ခဲမှုမရှိစေရန်အတွက် တောင်သူများအား ငွေစုစာအုပ်များကို Manual စနစ်မှ Banking Software System (Computerized Software System)ကို ပြောင်းလဲအသုံးပြုပြီး ဆင်ကူးကျေးရွာမှ တောင်သူ(၉)ဦးအား (၁၃၁)သိန်းကို Saving Pass Book အသစ်များဖြင့် တောင်သူများထံသို့ စတင်ထုတ်ပေးခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လှိုင်းဘွဲမြို့နယ်ဘဏ်ခွဲမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်းချေးငွေများကို သိန်း(၃၀၀)အထိ တောင်သူများအား ထုတ်ချေးပေးရန် လျာထားဆောင်ရွက်ခဲ့ပြီး တောင်သူများအနေဖြင့် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့မှ ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့အထိ လာရောက်၍ ထုတ်ချေးနိုင်ကြောင်း လှိုင်းဘွဲမြို့နယ် မန်နေဂျာ ဒေါ်တင်မေကြည်ထံမှ သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)