ကွမ်းခြံကုန်းမြို့နယ်တွင် ကို‌ဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှိုးဆော်ခြင်းနှင့် အသိပညာပေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်

ကွမ်းခြံကုန်း   ဒီဇင်ဘာ        ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် နှိုးဆော်ခြင်း နှင့် အသိပညာပေးလှုပ်ရှားမှုများကို ပြည်သူများ သိရှိ နားလည် လိုက်နာ ဆောင်ရွက်နိုင်ရန်အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ် -၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း နှင့် မြို့တွင်း လူအများသွားလာနေသော နေရာများတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေး ဆောင်ရွက်မှုကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ ဖြစ်သည့်  မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ ၊စည်ပင်သာယာအဖွဲ့ဝင်များ ၊ မြို့နယ်ရဲတပ်ဖွဲ့  ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူတိုင်းအား ပါးစပ် နှာခေါင်းစည်း(mask) တပ်ဆင်ရန်နှင့် မျက်နှာအကာ  Face Shield တပ်ဆင်ပြီးမှ ရောင်းချရန် ဈေးဝယ်လာသူတိုင်း နှာခေါင်းစည်း(mask) တပ်ဆင်ရန် အသိပေး နှိုးဆော်ခြင်းကြီးကြပ်စစ်ဆေးခြင်း၊ လိုက်နာခြင်းမရှိသူများအား ဒဏ်ငွေ(၂၀၀)ကျပ်ပေး ဆောင်စေပြီး (mask) တစ်ခုပေး၍ချက်ချင်း တပ်ဆင်စေခြင်း၊ လက်ကိုင်အသံချဲ့စက်အသုံးပြု၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူလူထုမှ ပူးပေါင်းပါဝင် ကူညီရန် မေတ္တာရပ်ခံ ခြင်း၊ လူစုလူဝေးရှောင်ရှားရန်နှင့် လက်ကိုဆပ်ပြာ (သို့မဟုတ်) လက်သန့် ဆေးရည်ဖြင့် မကြာခဏ စက္ကန့် ၂၀ ကြာ ဆေးကြောရန်တို့ကို အသိပေးနှိုးဆော်ခဲ့သည်။ အလားတူ မြို့တွင်း လူအများသွားလာ နေသော နေရာများတွင် အသိပညာပေးခြင်း နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိသူများအား  ဒဏ်ငွေ(၂၀၀)ကျပ်ပေးဆောင်စေပြီး (mask) တစ်ခုပေး၍ ချက်ချင်း တပ်ဆင်စေခြင်း၊    မလိုအပ်ပဲ နေ အိမ်ပြင်ပသို့ မထွက်ခွာရန် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)