ဖြူး ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် မြန်မာ့မီးရထားမှ ဖြူးဘူတာရုံ အသစ်တည်ဆောက်မှုကို၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၂ ရက်နေ့တွင် နိုင်ငံတော်ဘဏ္ဍာငွေ(၃၇၂)သန်းဖြင့် တင်ဒါအောင်ကုမ္မဏီမှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြန်မာ့မီးရထားဌာနမှ သိရပါသည်။
မြန်မာ့မီးရထားအနေဖြင့် ခရီးသွားမိဘပြည်သူများအား အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန်ရည်ရွယ်၍ ရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ခြင်း၊ ဘူတာရုံများ မွမ်းမံပြင်ဆင်ခြင်း၊ အသစ်ဆောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။
ဖြူးဘူတာရုံ (အဟောင်း) သည် ၁၉၄၅ ခုနှစ်၌ တည်ဆောက်ခဲ့ရာ သက်တမ်း(၇၅) နှစ်ခန့်ကြာမြှင့်ခဲ့ပြီဖြစ်ပြီး ကောင်းမွန်သော ဝန်ဆောင်မှုများမပေးနိုင်တော့သည့်အတွက် ခေတ်မီဒီဇိုင်း ဖြင့်အသစ်တည်ဆောက်ရခြင်း ဖြစ်ကြောင်းနှင့်ဖြူးဘူတာအသစ်တွင် လေအေးပေးစနစ်များတပ်ဆင်ထားပြီး ခရီးသည်နားနေခန်းများ၊ Convenience Store ဆိုင်များ၊ ခရီးသည်များကိုယ်လက်သန့်စင်နိုင် သည့် Rest Room များ၊ Automatic လုံခြုံရေးစနစ်များ ပါဝင်ကြောင်းကို မြန်မာ့မီးရထားမြို့ပြအင်ဂျင်နီယာဌာနမှလက်ထောက်အင်ဂျင်နီယာ ဒေါ်စံပယ်ထက်ကပြောကြားခဲ့ကြောင်းသိရပါသည်။
ဖြူးဘူတာ အသစ်ကြီး၏လှပခန့်ညားနေမှုနှင့်ပတ်သက်၍ "ဘူတာအသစ်ကြီးကိုတွေ့ရမြင်ရတာ စိတ်ချမ်း သာစရာ ကောင်းလိုက်တာဗျာ၊ ကျွန်တော်တို့ဖြူးမြို့အတွက်ဂုဏ်ယူရမည့် ဘူတာကြီးပါဗျာ၊ နေ့စဉ်ဘူတာ ရှေ့မှတဖြည်းဖြည်းရုပ်လုံး ပေါ်လာတာ ငေးမောကြည့်ပြီး ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာမြင်ဘူးတဲ့ ဂျပန်နိုင်ငံက ဘူတာရုံတစ်ခုလိုခံစားရတယ်"လို့ ဖြူးဘူတာရှေ့ရှိ ဖြူးမြို့မဈေးတွင် ဈေးရောင်းသူ ကိုသန့်ဇင်လင်းမှ ပြောကြားခဲ့ကြောင်း သိရပါသည်။
မနွယ်(ဖြူး)