လှည်းကူး ဒီဇင်ဘာ ၁၇
တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လှည်းကူးမြို့နယ်၌ ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက် မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တာဝန်ရှိသူများနှင့် မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်က တင်ဒါရရှိကြတဲ့ ကုမ္ပဏီများအနေ ဖြင့်လည်း ရေပေးဝေရေး လုပ်ငန်းတွေ၊ ကုန်ထုတ်လမ်းနှင့် တံတားလုပ်ငန်းတွေ ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း အမှန်တကယ် အရည်အသွေးမီ ဆောင်ရွက်သလို ကုမ္ပဏီတွေဘက်ကလည်း စေတနာထားပြီး လုပ်ဆောင်မယ်လို့ ထင်ပါတယ်၊ ကျွန်တော်တို့ ပြည်သူတွေရဲ့ ရရှိလာမဲ့ အခွင့်အရေးမရရှိဘဲနဲ့ တိုးတက်မှု အရမ်းနောက်ကျခဲ့တဲ့အတွက် ကုမ္ပဏီများ အနေဖြင့်လည်း စေတနာထား လုပ်ဆောင်ပေးဖို့ ပြောချင်ပါတယ်၊ ဒီနှစ်လှည်းကူးမြို့နယ်မှာ ကုန်ထုတ်လမ်းတွေ၊ ရေပေးဝေရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးကြမည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်ထားသည့် စည်းများအတိုင်း ကြိုက်နှစ်သက်လို့ တင်ဒါဆွဲပြီး အောင်မြင်လာတာဖြစ်တဲ့ အတွက် စေတနာပေါင်းစပ်ပြီး ဆောင်ရွက်ပေးစေလိုပါတယ်၊ ဂုံမင်းလျှိုကုန်ထုတ်လမ်းနှင့် ဂုံမင်းလျှိုကုန် ထုတ်တံတားသည် ယခင်နှစ်များစွာထဲက အလွန်လိုအပ်သဖြင့် ဆောင်ရွက်ရန် လွှတ်တော်ရန်ပုံငွေဖြင့် ကြိုးစားရာမအောင်မြင်ခဲ့ကြောင်း၊ ယခု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဘတ်ဂျတ်တောင်းခံကြီးကြပ်၍ တင်ဒါအောင်မြင်သည့် Han Thiri ကုမ္ပဏီမှ စနစ်တကျ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်၍ အလွန်ဝမ်းသာမိကြောင်း၊ ကျန်ရှိသော လမ်းပိုင်း(၂)မိုင်ခန့် မြေသားလမ်းကို လွှတ်တော်ရန်ပုံငွေ မတည်၍ ကျေးရွာများနှင့် လယ်သမား များပူးပေါင်းကာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စသည်ဖြင့်လည်းကောင်း၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ရေရရှိရေးလုပ်ငန်းများ၊ ကုန်ထုတ်လမ်းနှင့် တံတားများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီ(၈)ခုတို့နှင့်စပ်လျဉ်း၍ လည်းကောင်း စသည်ဖြင့် အသီးသီးရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှမျိုးအောင်က လှည်းကူး မြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ရေရရှိရေးလုပ်ငန်းများ၊ ကုန်ထုတ်လမ်းနှင့် တံတားများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီ(၈)ခုမှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးလက်ရေ ပေးရေးလုပ်ငန်းများတွင် ဆောင်ရွက်မည့် K.A.S.H ကုမ္ပဏီ၊ Phoe Shwe La ကုမ္ပဏီ၊ Myint Myat Ohmar ကုမ္ပဏီနှင့် ပုလဲဧရာဦး ကုမ္ပဏီ စုစုပေါင်း ကုမ္ပဏီ (၄)ခုမှ ကျေးရွာ(၁၈)ရွာ၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးလက်ရေပေးရေးလုပ်ငန်း များတွင် ဆောင်ရွက်မည့် Bruno Mars ကုမ္ပဏီနှင့် Phoe Shwe La ကုမ္ပဏီ စုစုပေါင်း ကုမ္ပဏီ(၂)ခုတို့မှ ကျေးရွာ(၂)ရွာ၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ တံတားများဆောင်ရွက်မည့် Han Thiri ကုမ္ပဏီမှ ကျေးရွာ(၁)ရွာနှင့် ပြည်ထောင်စုရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ တံတားများဆောင်ရွက်မည့် ရွှေမြင့်မြတ် ကုမ္ပဏီနှင့် Strong Merlion Engineering ကုမ္ပဏီတို့မှ ကျေးရွာ(၅)ရွာတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မတ်လကုန် နောက်ဆုံးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းတန်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်တို့က အခြားဌာနများလည်း ယခုကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနကဲ့သို့ ပွင့်လင်းမြင်သာစွာဖြင့် မိတ်ဆက်ရှင်းလင်းပေးသင့်ကြောင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးရှင်းလင်းခဲ့ကြကြောင်း သိရသည်။
အလားတူ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် လှည်းကူးမြို့နယ်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)အတွက် ပထမအကြိမ်၊ ဒုတိယအကြိမ် လျာထားကျေးရွာ(၆)ရွာအားလည်းကောင်း၊ အသက် မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း လျာထား(၃)ရွာနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း လျာထားကျေးရွာ(၃)ရွာအားလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လျာထား (၁၉)ရွာတို့အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လျာထားဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)