နတ်မောက်မြို့နယ်အတွင်းရှိ မသန်စွမ်းကလေးငယ်များအတွက် Korea Hanbeot Foundation မှ လက်တွန်းလှည်းများ လှူဒါန်း

                                                                                                       နတ်မောက်   ဒီဇင်ဘာ  ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများမှ မသန်စွမ်းကလေးငယ်များ အတွက် လက်တွန်း လှည်းများ လှူဒါန်းခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်က အောင်ဆန်းရပ်ကွက်ရှိ  ဆရာမဒေါ်နွဲ့နွဲ့အေး နေအိမ်တွင် ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မသန်စွမ်းကလေးငယ်များအတွက် လက်တွန်းလှည်းများကို Korea Hanbeot Foundation (ရန်ကုန်)မှ ပေးအပ်လှူဒါန်းခြင်းဖြစ်ရာ မြို့နယ်အတွင်းနှင့် အခြားမကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ကချင်ပြည်နယ်တို့မှ  မသန်စွမ်းကလေးငယ်များအတွက် အဖွဲ့ကိုယ်စား ဌာနေကိုယ်စားလှယ် ဦးမြတ်ဇော်လင်း၊  ဆရာမဒေါ်နွဲ့နွဲ့အေးတို့မှ ၂၀၁၇ ခုနှစ်မှစ၍ ပေးအပ် လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ ယခုလို မသန်စွမ်း ကလေးငယ်များအတွက်   လက်တွန်းလှည်းများ  ပေးအပ်လှူဒါန်းရခြင်းရည်ရွယ်ချက်ကတော့ မသန်စွမ်း ကလေးငယ်တွေအနေနဲ့ မိဘ ၊ ညီအစ်ကိုမောင်နှမများနဲ့ အတူနေထိုင်သွားလာနိုင်စေရန်၊  မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ဖြစ်စေရန် အခုလိုဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း”  လက်တွန်းလှည်းများကိုလှူဒါန်းပေးသည့်   Korea Hanbeot  Foundation ကိုယ်စား ပရဟိတအနေဖြင့်  ဆောင်ရွက်ပေးနေသည့် ဆရာမဒေါ်နွဲ့နွဲ့အေးထံမှသိရသည်။

သင်းသင်းဝေ ( နတ်မောက် )