တောင်ဥက္ကလာပမြို့နယ်ရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အရွယ်ထိ သမီးငယ်လေးများအား သားအိမ်ခေါင်း ကင်ဆာ (HPV)ကာကွယ်ဆေး ဆက်လက်၍ ထိုးနှံပေး

တောင်ဥက္ကလာပ ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ အသက် (၉)နှစ်မှ (၁၀)နှစ်အရွယ်ထိ သမီးငယ်လေး များအား အိတ်ခ်ျပီဗီ (HPV) ပိုးကြောင့် ဖြစ်ပွားတတ်သော သားအိမ်ခေါင်းကင်ဆာနှင့် မျိုးပွားလမ်းကြောင်းမှာ ဖြစ်ပွား တတ်သော ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည့် သားအိမ် ခေါင်းကင်ဆာ(HPV) ကာကွယ်ဆေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆက်လက်၍ ထိုးနှံပေး လျက်ရှိသည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက် ရှိ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်ကျန်းမာ‌ရေးဌာနခွဲ၌ အပတ်စဉ် ဗုဒ္ဓဟူး‌နေ့၊ ကြာသပတေး နေ့နှင့် သောကြာနေ့တို့တွင် နံနက်(၁၀)နာရီအချိန်မှ စတင်၍ ထိုးနှံပေး လျက်ရှိပြီး ဒီဇင်ဘာလ တစ်လလုံး ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်ဆေးကို ၂၀၁၀ စက်တင်ဘာလမှ ၂၀၁၁ ဩဂုတ်လအတွင်း မွေးဖွားသော သမီးငယ်လေးများအား ထိုးနှံပေးလျက်ရှိပြီး မိမိတို့ရပ်ကွက်များရှိ ကျန်းမာရေးဆရာမများနှင့် ဆက်သွယ်၍ လာရောက် ထိုးနှံနိုင်ကြောင်း သိရသည်။

ထို့ပြင် သားအိမ်ခေါင်းကင်ဆာ (HPV) ကာကွယ်‌ဆေးကို ပထမအကြိမ်နှင့် ဒုတိယအကြိမ် (၂)ကြိမ် ထိုးနှံရမည်ဖြစ်ပြီး ပထမအကြိမ် ထိုးနှံပြီးပါက (၁၂)လခြား၍ ဒုတိယအကြိမ် ထပ်မံထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နေထက်အောင်