မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းအတွက် မော်တော်ယာဉ်တစ်စီးလှူဒါန်း


ဂန့်ဂေါ ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်၏ လူမှုကူညီရေးအသင်းအဖွဲ့တစ်ခု ဖြစ်သည့် မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်းသည် ကိုဗစ်-၁၉ ရောဂါအတွက်သာမက အခြား ရောဂါများအတွက်ပါ ဆေးဝါးကုသနိုင်ရန် ပို့ဆောင်ပေးလျက်ရှိရာ အဆိုပါအသင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဂန့်ဂေါမြို့ ကျောတိုက်ရပ်ကွက် ဆိုရှယ်ကုန်မျိုးစုံရောင်းဝယ်ရေးမိသားစုမှ ယနေ့နံနက်တွင် မော်တော်ယာဉ်တစ်ဦးကို ခေမာသီဝံကျောင်းတိုက်၌ လှူဒါန်းကြောင်း သိရသည်။
အဆိုပါအသင်း၏လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ “မြို့ပေါ်နှင့် ၁၅ မိုင်အတွင်းရှိတဲ့နေရာကို ကျန်းမာရေးအတွက် အကူညီတောင်းခံတဲ့လူနာများအတွက် ဆေးရုံ၊ ဆေးခန်းများကို အခမဲ့ ပို့ဆောင် ပေးနေပါတယ်၊ မြို့ပေါ်နှင့် ၁၅ မိုင်ထက်ကျော်တဲ့နေရာတွေဖြစ်တဲ့ ပခုက္ကူ၊ မန္တလေး၊ မုံရွာအစရှိတဲ့ မြို့များကိုဆိုလျှင် ကားဆီဖိုးဘဲယူပြီး ပို့ဆောင်ပေးနေပါတယ်၊ ယာဉ်မောင်းအတွက် စားစရိတ်ကအစ ကိုယ့်စရိတ်နဲ့ကိုယ် အကုန်အကျခံပြီးပို့ပါတယ်၊ အကူအညီတောင်းတဲ့သူဆီကနေ ကွမ်းယာကအစ တောင်းပြီးမစားစေပါဘူး” ဟု မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးမြတ်လင်းက ပြောသည်။
မော်တော်ယာဉ်ပေးလှူရာတွင် ခေမာသီဝံပရိယတ္တိစာသင်တိုက်၌ ယနေ့နံနက် ၉ နာရီအချိန်က ကျောတိုက်ရပ်ကွက် ဆိုရှယ်ကုန်မျိုးစုံရောင်းဝယ်ရေးမိသားစုက မေတ္တာရောင်ခြည် လူမှုကူညီရေး အသင်း အတွင်းရေးမှူး ဦးကျော်ဝေထံ ပေးအပ်လှူဒါန်းရာ ခေမာသီဝံပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တ ပညာဝံသထံမှ လှူဒါန်းရခြင်း၏ အကျိုးတရားတော်ကို နာယူကြ၍ ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)