ခရမ်း ဒီဇင်ဘာ ၁၇
ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်က လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွ များတွင် နေ့စဉ်အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေကြောင်းသိရသည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉အရေးပေါ်တုံ့ပြန့်ရေးကော်မတီဝင်များ ကျန်းမာရေး ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကားများ၊ ဆိုင်ကယ်များ၊ ဆိုက်ကားများနှင့် လမ်းသွားလမ်းလာများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ဒဏ်ငွေ(၂၀၀)ပေးဆောင်စေ၍ မှတ်တမ်းရေးသွင်းခြင်း၊ တပ်ဆင်ရန်နှာခေါင်းစည်း Mask များထုတ်ပေးခြင်းများဆောင်ရွက် နေကြောင်း သိရသည်။
ဆက်လက်၍ မြို့မဈေးကြီးအတွင်း ဈေးရောင်း ဈေးဝယ်များအားနှာခေါင်းစည်း Mask တပ်ဆင်ပြီးမှရောင်းချရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ကြရန်ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီရောင်းချကြရန်တို့အား လက်ကိုင်စပီကာဖြင့် အသိပညာ ပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုမင်း (ခရမ်း )