ပေါင်းတည်မြို့နယ်တွင် ဓမ္မစကြာအခါတော်နေ့၌ ပရိယတ္တိမာမကပုဂ္ဂိုလ်များအဖွဲ့မှ စုပေါင်း၍ (၄၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲ ကျင်းပ

ပေါင်းတည် သြဂုတ် ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပေါင်းတည်မြို့နယ်တွင် ဓမ္မစကြာအခါတော်နေ့၌ ပရိယတ္တိမာမက ပုဂ္ဂိုလ်များအဖွဲ့မှ စုပေါင်း၍ (၄၂)ကြိမ်မြောက် ဝါဆိုသင်္ကန်းနှင့် ဓမ္မပူဇာဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉နာရီက ရွှေကျောင်းကြီးတိုက်အတွင်းရှိ မြို့နယ် သံဃနာယကအဖွဲ့ရုံး အာဂမဇောတိကာရုံ စာသင်တိုက် သာသနာဝိပုလာကာရီဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ အာဂမဇောတိကာရုံ စာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဝံသက အဖွင့်သြဝါဒကထာ မိန့်ကြားတော်မူသည်။

ထို့နောက် စာသင်တိုက်၏ ပရိယတ္တိမာမကပုဂ္ဂိုလ်များအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းသိန်းက မုဒိတာစကား ပြောကြားပြီး ဒုဥက္ကဋ္ဌ ဦးတင်အေးက ငွေစာရင်းရှင်းတမ်းအား ရှင်းလင်းဖတ်ကြားခဲ့သည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အာဂမဇောတိကာရုံစာသင်တိုက်ကြီး၏ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တပညာဝံသ အမှူးပြုသော သံဃာတော်(၃၆)ပါးတို့အား အဆိုပါ ကျောင်းတိုက် ပရိယတ္တိမာမက ပုဂ္ဂိုလ်အဖွဲ့ကြီး၏ ဥက္ကဋ္ဌ ဦးစိုးမောင်နှင့် အဖွဲ့ဝင်များ ပေါက်တန်းရွာ+ ပုတီးကုန်း+သဲကုန်း+ဆင်မြီးဆွဲမြို့များနှင့် ဒေသခံဒါယကာ/ဒါယိကာမ အပေါင်းတို့က အလှူငွေ ကျပ် (၂၄) သိန်းကျော် တန်ဘိုးရှိ ဝါဆိုသင်္ကန်းဓမ္မပူဇာနှင့် လှူဖွယ်ပစ္စည်းတို့ကို အသီးသီး ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနား ကို ရုပ်သိမ်းလိုက်​သည်။ ဆက်လက်၍ အလှူရှင် ဦးသန်းစိုး+ဒေါ်ငြိမ်းငြိမ်းအေး(သမီး) မငြိမ်းစုရည်မိသားစုတို့က ကြွရောက် တော်မူကြသော ဆရာတော် သံဃာတော်များနှင့် အခမ်းအနား တက်ရောက်လာကြသူများအား မွန်းတည့်ဆွမ်း ဆက်ကပ်လှူဒါန်း ၍ ကျွေးမွေးဧည်ခံခဲ့ကြောင်း သိရှိရသည်။

တင်ဝင်းဇော် (မင်းသားကြီး)