တွံတေးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဥာဏ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

တွံတေး ဇူလိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်ဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့်ဂိမ်းကစားပြိုင်ပွဲများကိုဇူလိုင်လ ၂၂ ရက်နေ့နံနက် (၁ဝ)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အ.ထ.က ၁ (တွံတေး) Grade-11မှကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီးတွံ တေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝင်းမြင့်၊တွံတေးခရိုင်၊ ခရိုင်ပညာရေးမှူးကိုယ်စား လက်ထောက်ညွှန့်ကြားရေးမှူးဒေါ်ဝါဝါအေးတို့က အမှာစကားများပြောကြားခဲ့ကြသည်။ ဆက်လက်၍ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် Grade-7 မှ ကျောင်းသား၊ ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့သည်။ လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ လူငယ်စကားဝိုင်းတွင်ဆွေးနွေးမည့် (Moderator)နှင့် ကျောင်းသား၊ ကျောင်းသူများနေရာယူပြီး(Moderator)မှလူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးသက်ဦးက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်Grade-10 မှမောင်မြတ်ငြိမ်းခန့်ကလည်းကောင်း၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် Grade-11 မှမဆုဝတီကျော်ကလည်း ကောင်း၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် Grade11 မှမောင်ဇွဲဝဿန်ဘုန်းကလည်းကောင်း၊ လူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဉ်ဖြင့် Grade10 မှမငြိမ်းဆုသစ္စာတို့ကဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများကပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။ ယင်းနောက် Grade-10 မှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ ဂိမ်းကစားပြိုင်ပွဲများဆက်လက်ကျင်းပရာ မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်း သူလေးများ ဝင်ရောက်ယှဥ်ပြိုင်ကြသည်။ ဆက်လက်၍ ​လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသူများ၊ ပြိုင်ပွဲတွင်ဆုရရှိသော ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများကဆုများအသီးသီးပေးအပ်ခဲ့ကြသည်။ 

ယင်းနောက်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားလာစေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ပြသထားသော သဘာဝဘေး အန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ လျှပ်စစ်အန္တရာယ်အကြောင်းနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသထားရာဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)