မြောက်ဥက္ကလာပ ဇူလိုင် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးနှင့် လုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင် ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၂၂ ရက်နေ့နံနက် ၉ နာရီအချိန် ကျန်းမာရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁)ဗိုလ်မှူးဖြိုးဝေလင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်းကသွေးလွန်တုပ်ကွေးရောဂါသည် (Arbo-virus)အမျိုးအစားဖြစ်သော ဒင်ဂီးဗိုင်းရပ်စ်ပိုး(Dengue virus)သယ်ဆောင်သောခြင်ကျား(Aedes)ကိုက်ခြင်း ကြောင့်ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည်မြန်မာနိုင်ငံတွင် အဓိကကူးစက်မြန်ရောဂါကြီးများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ဖြစ်ပွားပါကအခြားကမ္ဘာ့နိုင်ငံများနည်းတူ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ သတင်းပေးပို့ရသောရောဂါဖြစ်ကြောင်း၊ မိုးရာသီဖြစ်သဖြင့် ခြင်ကျား ပေါက်ပွားရာနေရာများ များပြားလာခြင်း၊ ခြင်ကျားခိုအောင်းရန် ခြုံနွယ်ပိတ်ပေါင်းများ ထူထပ်လာခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုများပြားလာမည်ဖြစ်ကြောင်း၊ သွေးလွန် တုပ်ကွေးရောဂါသည် ကလေးများတွင်သာမက အသက်အရွယ်မရွေးဖြစ်ပွားနိုင်သဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို စီမံချက်အသွင်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုပပျောက်စေရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် နှိမ်နှင်းရေးလုပ်ငန်းများကို မိမိတို့ဌာနအနေဖြင့် ယခင်ထက်ပို၍ အရှိန်အဟုန်မြင့်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိရပ်ကွက်များသို့အုပ်စုများခွဲ၍ ဇူလိုင်၂၂ ရက်နေ့မှစ၍ ရက် သတ္တပတ် ၁၀ရက်ကြာရပ်ကွက်များအတွင်းအဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်များကွင်းဆင်းဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁) ဗိုလ်မှူးဖြိုးဝေလင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာမျိုးမင်းထွန်း၊ သက်ဆိုင်ရာကျန်းမာရေး၀န်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး(ပြန်/ဆက်)