တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က တာမွေ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တာမွေမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ် လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက " မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ် ပြင်ပသို့ ထွက်ခွာသွားလာသည့်အခါများတွင် နှာခေါင်း စည်း ( Mask ) တပ်ဆင်သည့် အလေ့အကျင့်များ လျော့နည်း လာသည့်အတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း  ထိရောက်တဲ့ အရေးယူမှုများကို ဆောင်ရွက်နေပါကြောင်း၊ မြို့နယ်အတွင်းရှိ စျေးများတွင်လည်း  နှာခေါင်း စည်း (Mask) တပ်ဆင်၍ ရောင်းဝယ်မှုများ ဆောင်ရွက်ကြရန် သက်ဆိုင်ရာ စျေးတာဝန်ခံ များနှင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်နေပါကြောင်း၊ ဒါ့အပြင် ရပ်ကွက်နေ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကို သိရှိစေဖို့အတွက် အသိပညာပေး လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမှာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြဖို့ များစွာလိုအပ် ပါကြောင်း " စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်ပြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတိုးဝင်း ၊ မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းနှင့် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးသိန်းမြင့်တို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပျံ့နှံ့ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီတွင် ပါဝင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)