ဖာပွန်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဖာပွန် ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ယွန်းစလင်းခန်းမ၌ ကျင်းပသည်။

 ရှေးဦးစွာ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးများသည် အနာဂတ်၏သားကောင်း ရတနာများဖြစ်ပြီး  နိုင်ငံ၏မျှော်လင့်ချက်ရောင်ခြည်လည်း ဖြစ်သည့်အတွက် ငယ်ရွယ်စဉ်မှစပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးရန် လိုအပ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ဝင်းသိင်္ဂီမင်းက ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ပေးနေမှုအခြေအနေများကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသော ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

စိုင်းကျော်ဝဏ္ဏ၊စောအောင်မျိုးလွင်(ပြန်/ဆက်)