ယင်းမာပင် ဒီဇင်ဘာ ၁၇
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကြီးအား အာဆီယံအမွေအနှစ် စာရင်းဝင်မှ တိုးမြှင့်ကာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်လာစေရေး လုပ်ဆောင်လျက်ရှိကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မောင်းထံမှ သိရသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ရှိ သဘာ၀တောများကို သဘာဝအတိုင်း ရှိရမည် ဖြစ်ပြီး တောရိုင်းတိရိစ္ဆာန် များကို သတ်ဖြတ်ဖမ်းဆီးခြင်း၊ သစ်တောသစ်ပင်များကို ခုတ်ယူ သုံးစွဲခြင်း၊ တောအတွင်းရှိ လမ်းများကို အဆင့်မြှင့်တင် ဖောက်လုပ်မှုများ၊ အခိုင်အမာ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ ပလပ်စတစ် အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်ခြင်း စသည့် သဘာ၀တောများ ပျက်စီးစေမည့် အပြုအမူများကို ရှောင်ရှားရမည် ဖြစ်သည်။
“အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်ကို (၂၀၀၃) ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့မှာ အာဆီယံ အမွေအနှစ် စာရင်းဝင် အဖြစ်သတ်မှတ်ခံခဲ့ရတယ်၊ အခုလည်းပဲ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ်တင်ဖို့ရာ ဝန်ထမ်းတွေနဲ့ ဌာန ဆိုင်ရာအကြီးအကဲတွေကြိုးစားနေတယ်၊ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်အောင် ဆက်လက် ဆောင်ရွက်ဖို့ သစ်တောထိန်း သိမ်း ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများကို ကြိုးစားဆောင်ရွက်နေတယ်” ဟု အလောင်း တော်ကဿပ အမျိုးသား ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မောင်းက ပြောသည်။
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ဘုရားဖူးရာသီတွင် သစ်လုံးအိမ် စခန်းနှင့် ဘုရားရင်ပြင်တော်တို့တွင် ပြခန်းများ ဖွင့်လှစ်ပြသခြင်း၊ အသိပညာပေးဗွီဒီယို ပြသပေးခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ နယ်နမိတ်နှင့် ထိစပ်လျက်ရှိသည့် ကျေးရွာများလှည့်လည်ပြီး ကျေးရွာနေ ပြည်သူများကို အသိပညာပေး ဟောပြောပွဲများပြုလုပ်ကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း တို့ကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)