လက်ပံတန်း ဒီဇင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန(ရုံးချုပ်)တို့ ပူးပေါင်း၍ ဆောင်းသီးနှံပဲမျိုးယှဉ်ပြိုင်ကွက်များကို ကြို့ပင်စခန်းကျေးရွာနှင့်ဝါးရုံပင်ဇင်းကျေးရွာရှိ တောင်သူသုံးဦး၏ လယ်မြေများတွင် စိုက်ပျိုးထားရှိကြောင်း သိရပါသည်။
အဆိုပါဆောင်းသီးနှံပဲမျိုးယှဉ်ပြိုင်ကွက်များဖြစ်သည့် မတ်ပဲမျိုး ရေဆင်း-၅၊ ရေဆင်း-၆၊ ရေဆင်း-၇၊ ပုလဲထွန်းနှင့် ဒေသမျိုးတို့အား ၀.၀၂ဧကစီဖြင့်လည်းကောင်း၊ ပဲတီစိမ်းမျိုးYM 15-8-31၊ YM 15-8-20၊YM 15-8 -17 ၊ YM 15-4-9 နှင့်ဒေသမျိုးတို့အား ၀.၀၂ဧက စုစုပေါင်း ၀.၁၀ဧကကို စမ်းသပ် ယှဉ်ပြိုင်စိုက်ပျိုးထားကြောင်းသိရသည်။
စိုက်ပျိုးထားရှိမှုနှင့်ပတ်သက်၍ မျိုးတစ်မျိုးခြင်းစီ၏ အားနည်းချက်၊ အားသာချက်များကို သိရှိနားလည်၍ တောင်သူများအား နည်းပညာပေးဆောင်ရွက်ရန်နှင့် ဒေသနှင့် ကိုက်ညီသော အထွက်ကောင်းမျိုးများအား ထုတ်ဖော်ပြသနိုင်စေရန်နှင့် ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသောမျိုးများကို ဖော်ထုတ် ပြသနိုင်စေရန် ရည်ရွယ်ပါကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးဉာဏ်မြင့်ထံမှ သိရသည်။
ဝင့်နန္ဒာဌေး