စစ်ကိုင်း ဒီဇင်ဘာ ၁၇
စစ်ကိုင်းမြို့နယ်၊ စိုက်ပျိုးရေးဉးစီးဌာန အုန်းတောနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံများ နှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ မွန်းလွဲပိုင်းက နယ်မြေအတွင်းရှိ ကုန်းရွာကျေးရွာ ကွင်း အမှတ် (၈၃၆/ ၁၇၀၀) တောင်သူဦးကျော်ဆန်း၏ အောင်မြင်ဖြစ်ထွန်းနေသော ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းအား စံကွက်ရိတ်သိမ်းခဲ့ ကြောင်းသိရသည်။
"(CERP)အစီအစဉ်ဖြင့် စိုက်ပျိုးထားတဲ့ ဧရာမင်းမိုးစပါး မျိုးစေ့ထုတ်စိုက်ကွင်းကို တစ်ဧက အထွက်နှုန်း ခန့်မှန်းသိရှိနိုင်စေရန်(၆.၆)ပေပတ်လည် စံကွက်ရိတ်သိမ်းပြီး လက်တွေ့ချိန်တွယ် ကြည့်ရာမှာ ပျှမ်းမျှ (၈၂)တင်း ထွက်ရှိပါတယ် ရိတ်သိမ်ကြတဲ့အခါ အလေအလွင့်မရှိအောင်နဲ့ ရိတ်သိမ်းချိန်လွန် နည်း ပညာများလည်း ဖြန့်ဝေပေးပါ တယ် နောက်ပြီး မျိုးစေ့အဖြစ်အသုံးပြုတဲ့အခါမှာ စံချိန်တင်မျိုးစေ့ ရရှိအောင် ထိန်းသိမ်းနည်း ပညာများ လည်း ဆွေးနွေးပေးပါတယ် သီးနှံစိုက် တောင်သူတွေကို ကျွန်တော်တို့ဌာနအနေနဲ့ သီးနှံများ ထွက်နှုန်း ကောင်းအောင် ကွင်းဆင်းပြီး နည်းပညာများ ပေးနေပါ တယ်" ဟု အုန်းတောနည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ခံတစ်ဦးက ပြောပြ၍ သိရသည်။
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မိုးသီးနှံ၊ ဆောင်းသီးနှံစိုက်ပျိုးတောင်သူများအား စိုက်ပျိုးရေးအခက်အခဲ များရှိပါက သက်ဆိုင်ရာ နည်းပညာပြန့်ပွားရေးစင်တာများနှင့် ချိတ်ဆက်၍ အချိန်နှင့် တစ်ပြေးညီ ဆွေးနွေးမေးမြန်းနိုင် ကြောင်းလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ဇော်မြင့်နိုင်