ဖာပွန်-ကမမောင်း-ဝါးဘိုးတော ကားလမ်းဘေးရှိဝဲပျံကျေးရွာမှ ဖရဲသီးများကို ပြည်ပသို့တင်ပို့ နိုင်ရန်အတွက် ယခင်နှစ်ထက်ပိုမိုစိုက်ပျိုး

ကမမောင်း ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ် ဖာပွန်-ကမမောင်း-ဝါးဘိုး တောကားလမ်းဘေးရှိ ဝဲပျံကျေးရွာ၌ ထိုင်ဝမ်ဖရဲ မျိုး (855) နှင့် HERA မျိုး၊ ယိုးဒယားမျိုးဖြစ်သည့် ဒေသအခေါ် ဒုံးကျည်သီးမျိုးစသည့်ဖရဲမျိုးများကို ယခင်နှစ်များထက် ဖရဲစိုက်တောင်သူများက ပိုမိုအားထည့်၍ ကြိုးပမ်းစိုက်ပျိုးကြောင်း သိရသည်။

အဆိုပါကျေးရွာသည် မိုးရာသီအချိန်များ၌ ရေနက်ကွင်းများမှအပ ကျန်သည့်လယ်မြေများတွင် မိုးစပါးကို အဓိကစိုက်ပျိုးခဲ့ကြ သည်။ ယခုအချိန်တွင် ဆောင်းသီးနှံများဖြစ်သည့် ပဲပုပ်၊ ပဲတီစိမ်း၊ မတ်ပဲစသည့်ပဲမျိုးစုံအပြင် ဖရဲစိုက်ခင်းများကို ပိုမိုစိုက်ပျိုးနေကြ သည်။ ဖရဲပျိုးပင်သက်(၁၀)ရက်ခန့် တွင် ပြုပြင်ထားသည့် မြေဘောင်များ၌ ရွှေ့ပြောင်းစိုက်ကြပြီး သံလွင်မြစ်ရေကိုယူ၍ ရေသွင်း စိုက်ပျိုးကြောင်း၊ နှစ်လခွဲကျော် သုံးလအချိန်တွင် ဖရဲသီးများဆွတ်ခူး၍ စျေးကွက်သို့တင်ပို့ရောင်းချ နိုင်ကြောင်း သိရသည်။

ထွက်ရှိလာသည့်ဖရဲသီးများကို ပြည်တွင်းစျေးကွက်အပြင် မူဆယ်မြို့နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့လည်း တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ ဖရဲသီးများကို မူဆယ်မြို့နယ်စပ်ဂိတ်မှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရာတွင် စျေးကွက်တည်ငြိမ်မှု ရှိစေချင် ကြောင်း၊ ဖရဲသီးပွဲစားများမှ စျေးကစားမှုမျိုး မဖြစ်စေလိုကြောင်း၊ ယခင် ၂၀၁၉ ခုနှစ်အချိန်က ကုန်သည်ပွဲစားများ၏ စျေးကစားမှု များကြောင့် ပြည်ပသို့ဖရဲသီးများတင်ပို့ရာ အရှုံးပေါ်၍အထိနာခဲ့ကြကြောင်း၊ ဖရဲ (၁) ဧက စိုက်စရိတ်စုစုပေါင်း ကုန်ကျစရိတ်မှာ ငွေကျပ် (၁၀) သိန်းကျော် ကုန်ကျမှုရှိသဖြင့် ဤနှစ်တွင် ယခင်နှစ်က အရှုံးကိုပြန်ရပြီး ထိုက်သင့်သည့်အကျိုးကို ရရှိခံစားချင်ကြ ကြောင်း၊ နိုင်ငံတော်အစိုရမှ ပြည်ပပို့ကုန်ဖြစ်သည့် ဖရဲသီးစျေးကွက် တည်ငြိမ်၊ မှန်ကန်စေရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြစေလိုကြောင်း၊ ဖရဲစိုက်တောင်သူများ ပြောကြားခဲ့သည်။

လင်းသန့်(ပြန်/ဆက်)