ခန္တီး ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ပေါမိုင်းအုပ်စု၊ သာစည်တွင် မိုးစပါးအပြီးဆောင်းမြေပဲ (ဆင်းပဒေသာ-၁၁) သီးထပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ခရိုင်၊ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက တောင်သူဦးသန်းဆောင်၏ ကွင်းအမှတ် (၄)၊ ဦးပိုင်အမှတ် (၂၀)၊ စိုက်ဧက(၂) တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မော်လွင်က ခန္တီးမြို့နယ်တွင် မိုးစပါးအပြီး အခြားသီးနှံများစိုက်ပျိုးခြင်းမရှိပဲ မြေလှပ်ထားလေ့ရှိသဖြင့် သီးထပ်စိုက်ပျိုးခြင်းလုပ်ငန်းကို မိတ်ဆက်ပေးခြင်းနှင့် ရာသီဉတုပြောင်းလဲမှုကို ခံနိုင်ရည်ရှိပြီး စိုက်နည်းစနစ်တစ်ခုဖြစ်သည့် သီးထပ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြခြင်းနှင့် ဆောင်းမြေပဲဆင်းပဒေသာ-၁၁ မျိုးကို မကွေးတိုင်းဒေသကြီးမှ မှာယူဖြန့်ဖြူးပေး ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဦးသိန်းထွန်းတင်က တစ်နှစ်တာ အတွင်း မြေတစ်ကွက်တွင် သီးနှံနှစ်မျိုး၊ ထိုထက်ပိုသောသီးနှံများကို သီးနှံတစ်ခုရိတ်သိမ်းပြီး နောက်သီးနှံတစ်မျိုးကို ထပ်မံစိုက်ပျိုးခြင်းနှင့် သီးထပ် စိုက်ပျိုးရာတွင် နှစ်သီးစား၊ သုံးသီးစား စိုက်ပျိုးစိုက်ပျိုးနိုင်ကြောင်းနှင့် သီးထပ်စိုက်ပျိုးခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားကာ တောင်သူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။
စနေမောင်မောင်(ခန္တီး)