ပြောင်းစိုက်ခင်းများတွင် ကျရောက်တတ်သော ဖောငမြှောင်တောင် ပိုးဖလံများကို သဘာဝနည်းလမ်းများဖြင့် ကာကွယ်ခြင်းကွင်းသရုပ်ပြဆောင်ရွက်

ပေါက်ခေါင်း ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)ပေါက်ခေါင်းမြို့နယ်ရှိ စိုက်ခင်းများတွင် ကျရောက်ဖျက်ဆီးတတ်သော ဖောငမြှောင် တောင် ပိုးဖလံများကို နှိမ်နင်းရာတွင် ဓာတုပိုးသတ်ဆေးဝါးများ အသုံးမပြုဘဲ သဘာဝနည်းများဖြင့် နှိမ်နင်းကာကွယ် ခြင်း တောင်သူကွင်းသရုပ်ပြပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက လက်တွေ့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အောင်မြင်ကုန်းကျေးရွာ တောင်သူ ဦးသိန်းဇော်ဦး စိုက်ပျိုးထားသော ဖူးစားပြောင်းစိုက်ခင်းတွင် သီးနှံဖျက်ပိုးများ မကျရောက်မီ ကြိုတင်ကာကွယ်သည့် အနေဖြင့် ဓာတု ပိုးသတ်ဆေးများ အသုံးမပြုဘဲ သဘာဝနည်းများဖြစ်သော ဖောငမြှောင်တောင် ဖလံဖမ်းထောင်ချောက် ဖီရိုမုန်းအသုံးပြုခြင်း၊ ထန်းလျက်တင်လဲရည်ဖြင့် ထောင်ချောက်ချိတ်ဆွဲပြသခြင်း၊ Yellow Sticker  အသုံးပြုခြင်းနှင့် (IPM)ဘက်စုံ ပိုးမွှားကာကွယ်နည်းလမ်းများဖြင့် ပိုးမွှားကာကွယ်နည်းလမ်းများကို စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းများက ပြောင်းဖူးစိုက်တောင်သူများ ကို လက်တွေ့ကွင်းသရုပ်ပြ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ နည်းလမ်းများကို အသုံးပြုပြီး ပိုးဖလံများကို နှိမ်နင်းခြင်းဖြင့် ဓာတုပိုးသတ်ဆေးများ၏ ဘေးအန္တရာယ်များကို ကာကွယ်နိုင်သည့်အပြင် စရိတ်ကုန်ကျမှု သက်သာခြင်းနှင့် ရောဂါပြန့်ပွားမှုများ ကို ကာကွယ်နိုင်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)