တမူး ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များနှင့် ကုန်စုံ ဆိုင်များတွင် သက်တမ်းလွန် ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှု ရှိ/မရှိကို ယနေ့နံနက် (၉) နာရီခွဲက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီနှင့် စားသုံးသူရေးရာ ဦးစီးဌာတို့ ပူးပေါင်းပြီး ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲ ဆေးဝါး ရောင်းချမှု ရှိ/ မရှိ၊ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ၊ စပ်ဆေးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် စံမညီသော ဆေးဝါးများ၊ ဆေးဝါးအတုများ ရောင်းချနေခြင်း ရှိ/ မရှိ၊ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော အစားအသောက်များနှင့် သက်တမ်းလွန် အစားအသောက်များ ရောင်းချမှု ရှိ/ မရှိတို့ကို တမူးမြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်နှင်းလဲ့ယဉ်နှင့် ဝန်ထမ်းများ ၊ စားသုံးသူရေးရာ ဦးစီးဌာနမှဦးစီးမှူး ဦးစွမ်းရည်၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးလေးမော်၊ မြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ကျန်းမာရေးမှူးအဆင့် (၁) ဒေါ်ညောင်ငိုက်ဟွဲ၊ တမူးမြို့မ ရဲစခန်း မှ နယ်ထိန်းအရာရှိ ရဲအုပ်ကျော်ကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ အထွေထ ွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင် သာယာရေး ဝန်ထမ်းများ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ၊ ကုန်စုံဆိုင်များသို့ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းသည် အများပြည်သူများ လုံခြုံစိတ်ချရသော ဆေးဝါးများ ရရှိနိုင်စေရန်အတွက် ဆေးဆိုင် များအား ကောင်းမွန်သော ဆေးဝါးသိုလှောင်မှုကျင့်စဉ် (GSP) နှင့် ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် (GPP) နှင့် အညီ ရောင်းချစေရန် ၊ စားသုံးရန် မသင့်သော အစားအသောက်နှင့် သက်တမ်းလွန် အစားအသောက်များ ရောင်းချမှု မရှိစေရေးတို့ အတွက် ကြီးကြပ်စစ်ဆေးခြင်းဖြစ်ကြောင်း တမူးမြို့ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းလဲ့ယဉ်ထံမှ သိရှိရသည်။
ကျော်သူရ(ပြန်/ဆက်)