သန်လျင် ဒီဇင်ဘာ ၁၇
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ Betagro(Myanmar)Co.Ltd မှ ဆေးရုံသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါဆေးရုံကြီး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်က ကိုဗစ်ကာလဆေးရုံကြီးမှ ကာကွယ်ကုသပေးလျက် ရှိသည့် လုပ်ငန်း များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် အလှူရှင်က လှူဒါန်းရသည့် ရည်ရွယ်ချက် များဖြစ်သော ကိုဗစ်-၁၉ ကာကွယ် ကုသရေး ပစ္စည်းများ လိုအပ်နေချိန်တွင် လှူဒါန်းခွင့်ရရှိသည့် အတွက် အထူးဝမ်းမြောက်ပါကြောင်းနှင့် ကိုဗစ်အတည်ပြု လူနာများလည်း အမြန်သက်သာ ပျောက်ကင်းပါစေကြောင်း ပြောကြားသည်။ ထို့နောက် သန်လျင်အထွေထွေ ရောဂါကု ဆေးရုံ ကြီးကြပ်ရေးကော်မတီဝင် မြို့မိမြို့ဖ ဦးတင်ဝင်းက ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြား သည်။
ထို့နောက် သန်လျင်အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ဆေးဝါးကုသမှုခံယူလျက်ရှိသော လူနာများအတွက် ကျပ်(၁၃၆၆၃၈၇၅)ကျပ်တန်ဖိုးရှိ အသက်ရှူ အထောက်အကူပြုစက် အပါအဝင် ကိုဗစ်အထောက်အကူပြု ဆေးရုံသုံး ပစ္စည်း(၁၂)မျိုးကို အလှူရှင်အဖွဲ့က ဆေးရုံအုပ်ကြီး ဒေါက်တာ ချိုချိုလွင်ထံ ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
သန်လျင်မြို့နယ်တွင် ယနေ့ထိ ကိုဗစ်-၁၉ အတည်ပြုပိုးတွေ့လူနာ ၂၄၄၈ ဦး၊ သေဆုံးသူ ၄၇ ဦးရှိပြီး ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဖက်လူမှုအသင်း အဖွဲ့များက အရှိန်မြှင့်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
သန်းဝင်း(သန်လျင်)