ဂန့်ဂေါ ဒီဇင်ဘာ ၁၇
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသွားအလာကန့်သတ်ထားသူများကို ဂန့်ဂေါ မြို့နယ်တွင် စက်မှုလက်မှု သိပ္ပံ(ဂန့်ဂေါ) ၊ အထက ဂန့်ဂေါ၊ မြို့မ အမက တို့တွင် ထားရှိရာ ယနေ့အထိ စုစုပေါင်း ၁၃၇ ဦးရှိနေရာ စေတနာရှင် များက ငွေကြေးထောက်ပံ့မှုအပြင် ဆန်၊ ဆီ၊ စားဖွယ်များ ဟင်းသီးဟင်းရွက်များ ထောက်ပံ့လျက်ရှိကြောင်း သိရသည်။
အဆိုပါ အသွားအလာကန့်သတ်ထားသူများအတွက် စေတနာရှင်များက ငွေနှင့် စားဖွယ်များ ထောက်ပံ့လျက်ရှိရာ ရှုံးရှီကျေးရွာမှ စေတနာရျင်များက ငွေကျပ် ၁၄ သိန်း၊ ဆန် ၂၈ တင်း၊ ဆီ ၁၀ ပိဿာ၊ ပဲဆန်နှင့် ဟင်းသီး ဟင်းရွက်များကိုလည်းကောင်း၊ ဇာဟောကျေးရွာမှ စေတနာရှင် များက ငွေကျပ် ၂၃၃၂၀၀ ကျပ်၊ ဆီ ၁၅ ပိဿာ၊ ဆန် ၂၅ တင်း၊ ခရမ်းသီး ၃၀ ပိဿာ၊ ခရမ်းချဉ်သီး ၄၀ ပိဿာတို့ နှင့် ဟင်းသီးဟင်းရွက်များကိုလည်းကောင်း၊ ပနန်းရွာမှ စေတနာရှင် များက ငွေကျပ် ၁၀၁၀၀၀ ကျပ်၊ ဆန် ၃ တင်းခွဲ၊ ဆီ ၅ ပိဿာနှင့် ဟင်းသီးဟင်းရွက်များကို COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့်ကော်မတီသို့ ယမန်နေ့က ပေးအပ် ထောက်ပံ့ ကြသည်။
“ ထောက်ပံ့လာကြတဲ့ စားဖွယ်များအနက် ရေရှည်ထားလို့ရတဲ့ ဆန်၊ ပဲဆန်၊ အာလူး၊ ကြက်သွန် စတာတွေကို ထိန်းသိမ်း စီမံထားပြီး အသီးအရွက်များကို ဂန့်ဂေါဆေးရုံလူနာများအတွက် နံနက်စာ ချက်ပြုတ်ကျွေးမွေးတဲ့ ကျောတိုက်ရပ်ကွက် မေတ္တာရောင်ခြည် လူမှုရေးအသင်း၊ ညနေစာချက်ပြုတ် ကျွေးမွေးတဲ့ မြို့မရပ်ကွက် မာဃသဟာယ လူမှုအရေးအသင်း၊ ကိုဗစ် ကာကွယ်ရေးအတွက် ဆောင်ရွက် နေကြတဲ့ ဆေးရုံကျန်းမာရေးဝန်ထမ်းများတို့အတွက် မျှဝေ ပေးပါတယ်၊ စေတနာဖြင့် ထောက်ပံ့ကြသူ များကို အထူးကျေးဇူးတင်ပါတယ်” ဟု ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် ကုသရေး မြို့နယ်အဆင့်ကော်မတီဝင်တစ်ဦးဖြစ်သူ ဦးတင်သောင်းက ပြောသည်။
တောင်သားမောင်သန်း